ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ခရီးသွားအသင်းအဖွဲ့များ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများမှ လုပ်ငန်းရှင်များ၊ တာဝန်ခံများ၊ ဧည့်လမ်းညွှန်များ၊ ခရီးလှည့်လည်ရေးကုမ္ပဏီများနှင့် တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၁၉

    
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များနှင့်အတူ ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရ ကျောင်းသို့သွားရောက်ပြီး သီလဓမ္မကုန်းသာ တောရကျောင်း ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကောဝိဒထံ အာရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်း များဆပ်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျိုင်းဖောင်း ချောင်းအတွင်းသို့ ရွှေဝါငါးကြင်းနှင့် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၃၀၀၀)ကျော်ကို မျိုးစိုက် ထည့်ကြသည်။
    
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လွိုင်မွေတောင်စခန်း စတုရဌသုမင်္ဂလာစေတီ တော်အနီး ချယ်ရီပင်တန်း၌ ကျင်းပသော ချယ်ရီပန်းပွဲတော် (၂၀၂၃) အခမ်းအနားသို့ တက်ရောက် ကြသည်။ 

ရှေ့ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က  ချယ်ရီပန်း ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဂုံရှမ်း၊ လားဟူ၊ အာခါတိုင်းရင်းသားတို့၏ ဒေသထွက် ပစ္စည်းများဖြစ်သည့် ရိုးရာဝတ်စုံများ၊ ကော်ဖီ၊ လက်ဖက်ခြောက်နှင့် အစားအစာများ၊ ဒေသခံ လုပ်ငန်းရှင်များ၏ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများကို လှည့်လည်ကြည့်ရှုကြသည်။ 

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ပွဲတော်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) လွိုင်မွေဒေသခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ရည်ရွယ်ကျင်းပပြု လုပ်ခြင်းဖြစ်ကြောင်း၊ ၂၀၂၂ခုနှစ်တွင် ရှမ်းပြည်နယ်ရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်း ခရီးသွား ကိုးသိန်းကျော်နှင့် ပြည်ပခရီးသွား သုံးသောင်းကျော် လာရောက်လည်ပတ်ခဲ့ကြောင်း၊ ကျိုင်းတုံမြို့ တွင် ဗုဒ္ဓဉယျာဉ်ကဲ့သို့ ခရီးသွားဆွဲဆောင်ရာနေရာများစွာရှိနေပြီး ယခုကဲ့သို့ ပွဲတော်များ ကျင်းပခြင်းဖြင့် တရုတ်(စစ်ဆောင်ပနား)- လာအို(လွန်ပရာဘွန်)- မြန်မာ (ကျိုင်းတုံ)- ထိုင်း(ချင်းမိုင်) (၄) နိုင်ငံ ခရီးစဉ်ဒေသတစ်ခု အစီအစဉ်ကိုလည်း မြှင့်တင်ဆောင်ရွက် ရာရောက်နိုင်ကြောင်း ပြောကြားသည်။
    
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ချယ်ရီ ပန်းပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်များ၊ ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍဆောင်ရွက်နေမှု၊ ခရီးစဉ်ဒေသများ ဆက်လက်ဖော်ဆောင်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားအဆိုတော်များ က ဖျော်ဖြေတင်ဆက်ကြပြီး အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုက ကျေးဇူးတင်စကား ပြောကြားကာ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ယဉ်ကျေးမှုအဖွဲ့ များကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြသည်။ 
    
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံမြို့နယ် ပင်းဆိုင်းကျေးရွာရှိ ‘ဝ’ တိုင်းရင်း သားရိုးရာ ကျေးရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းဖော်ဆောင်နေသည့် တည်ဆောက်ရေးလုပ်ငန်း ခွင်နေရာသို့ သွားရောက်၍ ဒေသခံ‘ဝ’တိုင်းရင်းသားများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျေးရွာလူထု အခြေပြုခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများသို့ တင်ပြဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများအောင်မြင်ရန်အတွက် လုပ်ထုံး လုပ်နည်းနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန် ပြောကြားသည်။

ယမန်နေ့ နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံမြို့ရှိ  ဟွမ်ဟိန်းဟိုတယ် အစည်းအဝေးခန်းမ၌ ခရီးသွားအသင်းအဖွဲ့များ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများမှ လုပ်ငန်းရှင် များ၊ တာဝန်ခံများ၊ ဧည့်လမ်းညွှန်များ၊ ခရီးလှည့်လည်ရေးကုမ္ပဏီများနှင့် တွေ့ဆုံသည်။
    
ထို့သို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကျိုင်းတုံဒေသအနေဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် ရှေးယခင်ကတည်းကပင် ချစ်ကြည်ရင်းနှီးမှု ရှိသောကြောင့် ဒေသ တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာရှိ ကြောင်း၊ ခရီးသွားလုပ်ငန်းမှာ ကောင်းကျိုးရှိသကဲ့သို့ ဆိုးကျိုးများလည်းရှိသဖြင့် ဆိုးကျိုးနည်းနိုင် သမျှနည်းအောင် အဘက်ဘက်မှ ဝိုင်းဝန်းကြည့်ရှု ထိန်းသိမ်းပေးစေလိုကြောင်း၊ ခရီးသွားလုပ်ငန်း သည် ကြယ်ငါးပွင့်အဆင့်ရှိသော ဟိုတယ်ကြီးများမှ လမ်းဘေးဈေးသည်များအထိပါ အကျိုးကျေးဇူး ရရှိနိုင်သည့်အတွက် စနစ်တကျ လုပ်ကိုင်နိုင်ပါက ဆင့်ပွားအကျိုးသက်ရောက်မှုရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။
    
ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျိုင်းတုံ မြို့ရှိ ဟိုတယ်(၃)လုံးကို ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိအမှတ်ပြု လက်မှတ် များပေးအပ်သည်။

 (သတင်းစဉ်)