ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ရုရှားနိုင်ငံအခြေစိုက် Yiling Tourism ကုမ္ပဏီ မှ Commercial Director ဖြစ်သူ Mr. Kosinkov Evgeny အား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ ၂

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ရုရှားနိုင်ငံအခြေစိုက် Yi Ling Tourism Co.,Ltd မှ Commercial Director ဖြစ်သူ Mr.Kosinkov Evgeny အား ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံပွဲသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်တာဝန်ခံများ ပါဝင်တက်ရောက်ကြသည်။

 

တွေ့ဆုံရာတွင် Mr.Kosinkov Evgeny က ရုရှားနိုင်ငံသား ခရီးသည်များအနေနှင့် နိုင်ငံတကာတွင်အကျုံးဝင်သော အာမခံဝယ်ယူ၍ ခရီးသွားလာလျက်ရှိပြီး မြန်မာနိုင်ငံတွင်အာမခံ ထပ်မံရယူရခြင်းနှင့် စပ်လျဉ်း၍ ဖြေလျော့ပေးစေလိုကြောင်း၊ ရုရှားနိုင်ငံမှ ခရီးသွားဧည့်သည် များအတွက် လေကြောင်းလိုင်းများပျံသန်းပြေးဆွဲရန် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း နှင့်ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသည်များငွေကြေးလွှဲပို့သုံးစွဲမှုလွယ်ကူအဆင်ပြေစေ ရေးဆောင်ရွက်ပေးနိုင်ပါက ခရီးသည်များ ပိုမိုလာရောက်ရေးဖိတ်ခေါ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက လေကြောင်းလိုင်းပျံသန်းပြေးဆွဲမှုအနေနှင့် ယခင် အီတလီလေ ကြောင်းက မီလန်မြို့မှ ခရီးသည်များကိုမြန်မာနိုင်ငံတွင် တစ်ထောက်နား၍ ဖူးခက်သို့ ပျံသန်း သကဲ့သို့ ပျံသန်းနိုင်သည့် သာဓကများရှိပါကြောင်း၊ ယခုလည်း အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းမှခရီးစဉ်များ စီစဉ်နေသည်ဟုသိရှိရပါကြောင်း၊ ခရီးသွားအာမခံကြေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေးသွားမည်ဖြစ်ပါကြောင်း၊ ခရီးသွားများလာရောက်ပါက ၎င်းတို့ ၏ ငွေကြေးသုံးစွဲမှု အဆင်ပြေစေရေးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုတိုးမြင့်လာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင် ရွက်ရေး ကိုလည်းဆောင်ရွက်နေပါကြောင်း၊ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးမည် ဟု ပြန်လည်ပြောကြားခဲ့သည်။

(သတင်းစဉ်)