ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UEHRD ပြည်ထောင်စုစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်မှုများ ညှိနှိုင်းဆွေးနွေး

ရန်ကုန်   ၁၉   မေ   

 

ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော်မှု ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ကျင်းပပြုလုပ်ရာ အဆိုပါကော်မတီ၏ ဒုဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် UEHRD အဖွဲ့ဝင်များ၊ အထောက်အကူပြုလုပ်ငန်း အဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးသည်။

 

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ဆောင်ရွက်နေသည့် UEHRD ကော်မတီအနေဖြင့် ရည်ရွယ်ချက်ပေါက်မြောက်အောင်မြင်စေရန်အတွက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ပြည်သူများ၊ ပုဂ္ဂလိက၊ ပြည်တွင်း NGO နှင့် CSO များ၊ မိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ INGOs များအားလုံးအတူတကွ ပူးပေါင်းညှိနှိုင်းအကောင်အထည်ဖော်သည့် နည်းလမ်းဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိ ရောက်ရောက်ပေးအပ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စများတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည် ပဋိပက္ခ ကင်းဝေးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည် ပဋိပက္ခ ကင်းဝေးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ပါကြောင်း၊ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည့်အတွက် အဖွဲ့အစည်းများအကြား အပြန်အလှန်ချိတ်ဆက်ဆက်သွယ် ဆောင်ရွက်မှုသည်လည်း အရေးကြီးပါကြောင်း၊ အထူးသဖြင့် UEHRD ကော်မတီ ရန်ကုန်ရုံးနှင့် နေပြည်တော်ရုံး အကြား အပြန်အလှန် သတင်းအချက်အလက် ဖလှယ်မှုဆက်သွယ် ဆောင်ရွက်မှုများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 

UEHRD၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူငယ်များ၏ အင်အားကိုလည်းမေ့၍ မရပါကြောင်း၊ မြန်မာနိုင်ငံတွင် လူငယ်များကိုယ်တိုင် ပါဝင်ရေးဆွဲသော လူငယ်မူဝါဒရှိပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဒေသအလိုက်လည်း မဟာဗျူဟာများ ရေးဆွဲထားရှိပြီး ဖြစ်ပါကြောင်း၊ UEHRD အနေဖြင့် တစ်နိုင်ငံလုံးရှိရခိုင်ပြည်နယ် အရေးတစ်ဖက်တစ်လမ်းက အချိန်ပေးဝိုင်းဝန်းလိုသည့် လူငယ်များကိုအွန်လိုင်းကတစ်ဆင့်လျောက်လွှာများ လက်ခံလျက် လျောက်ထားလာသူများထဲမှစိစစ်ရွေးချယ်ပြီးလေ့ကျင့် သင်တန်းပေး စေလွှတ်ခဲ့ မှုများ ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှုများရရှိခဲ့ပါကြောင်း၊ ယခုတစ်ဖန်ပြန်ပြီး UEHRD စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ်ကို ထပ်မံဆောင်ရွက်လိုပါကြောင်း၊ အာဆီယံအနေဖြင့် လည်းမြန်မာနိုင်ငံကို ကူညီပြီးရခိုင်ပြည်နယ်အတွင်း ပြန်လည်လက်ခံရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး လိုအပ်ချက်ဆန်းစစ်လေ့လာရေးကိုကနဦးဆောင်ရွက်ခဲ့ပြီး နောက်ထပ်ပြီး ပြည့်စုံသော ဆန်းစစ်လေ့လာမှုများကိုဆောင်ရွက်ရန်ပြင်ဆင်လျက်ရှိပါကြောင်း၊ UEHRD အနေဖြင့်အာဆီယံနှင့်လည်း လက်တွဲဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ စဉ်ဆက် မပြတ်ဆောင်ရွက်ရေးအတွက် ရန်ပုံငွေရရှိရေးနည်းလမ်းများကိုလည်း ဝိုင်းဝန်း စဉ်းစား ဖော်ထုတ်သွားကြရမှာဖြစ်ကြောင်းပြောကြားသည်။

 

ယင်းနောက်တွင် အစည်းအဝေးတက်ရောက်လာကြသူများက UEHRD စေတနာ့ ဝန်ထမ်းလူငယ်အစီအစဉ်ပြန်လည်ဆောင်ရွက်ရေးကိစ္စရပ်များ၊ UEHRD ၏လုပ်ငန်းများကို ယခုထက်ပိုပြီး ထိထိရောက်ရောက်အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်ပြီးဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် UEHRD ၏အထောက်အကူပြုအဖွဲ့ဖြစ်သော Outreach Working Group နှင့်တွေ့ဆုံကာ နိုင်ငံတကာတွင် ပျံ့နှံ့ပြောဆိုနေကြသော မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်မီဒီယာများ၊ အခြားသောဆက်သွယ်ရေးနည်လမ်းများ အသုံးပြု၍ သတင်းမှန် များ ပြန်ကြားနိုင်ရေး၊ မြေပြင်တွင် အမှန်တကယ်ပြောင်းလဲတိုးတက်မှုများကို ပြည်တွင်း၌သာမက ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာကပါသိရှိအောင် ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

 

အဆိုပါဆွေးနွေးပွဲသို့ UEHRD ကော်မတီအဖွဲ့ဝင်များ၊ ကော်မတီ၏  Outreach Working Group မှအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)