ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Mines Advisory Group (MAG) အဖွဲ့မှ လာရောက်တွေ့ဆုံ

နေပြည်တော် ၂၇ ဩဂုတ်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Mines Advisory Group (MAG) အဖွဲ့မှ Country Director ဖြစ်သူ Mr. Bekim Shala ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ဂါရဝပြုလာရောက်တွေ့ဆုံခဲ့ပါသည်။

 

ထိုသို့တွေ့ဆုံရာတွင် မိမိတို့ဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိသော မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလှုပ်ရှား ဆောင်ရွက်ချက်များ၊ နော်ဝေနိုင်ငံအစိုးရ၊ ထိုင်းနိုင်ငံအစိုးရနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မြေမြုပ်မိုင်း အသိပညာပေးဆွေးနွေးပွဲများ၊ ကွင်းဆင်းလေ့လာခြင်းများအပါအဝင် လူသားချင်းစာနာသော မိုင်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများနှင့် ပတ်သက်သော ဆောင်ရွက်ချက်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် မိမိတို့ဝန်ကြီးဌာနက ပူးပေါင်း၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုင်းအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အာဆီယံဒေသတွင်းရှိ နိုင်ငံများသို့ မိုင်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သင်တန်းများနှင့် လုပ်ငန်းဆောင်ရွက်ချက်များ သွားရောက်လေ့လာစေရေး အစီအစဉ်များ၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေးနှင့် နေရပ်ပြန်များ လုံခြုံစိတ်ချမှုရှိစေရန်နှင့် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

 

MAG အဖွဲ့အစည်းသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ တစ်နိုင်ငံလုံအတိုင်းအတာဖြင့် မြေမြုပ်မိုင်းအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးဆွေးနွေးပွဲများ၊ ကွင်းဆင်းလေ့လာခြင်းများအပါအဝင် လူသားချင်း စာနာမှုဆိုင်ရာ မိုင်းလုပ်ငန်းများကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်