ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့မှူးများ/ဒုတိယ ရဲအုပ်လောင်း သင်တန်းသား/လက်ထောက်မီးသတ်တပ်စုမှူးသင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်   ၁၄    ဇန်နဝါရီ 


ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေသည် ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ အစည်းအဝေး ခန်းမ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများကိုလည်းကောင်း၊ ဇန်နဝါရီ ၁၃ ရက် နံနက် ၉ နာရီတွင် ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၉၃)၊ (၉၄)နှင့် (၉၆) တို့တွင် တက်ရောက်နေသော သင်တန်းသား/သူ တပ်ဖွဲ့ဝင်များ၊ ဗဟိုမီးသတ် သင်တန်းကျောင်းတွင် လက်ထောက်မီးသတ်တပ်စုမှူးသင်တန်း တက်ရောက်နေသော သင်တန်းသား/သူ တပ်ဖွဲ့ဝင်များကို လည်းကောင်း တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။ 


ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူးများအား တွေ့ဆုံ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံဝန်ထမ်းများဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရန်နှင့် ပြည်သူလူထုမှအားကိုးယုံကြည်သည့် တပ်ဖွဲ့ဖြစ်လာအောင် ကြိုးပမ်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့၏တာဝန်ရှိသူ အဆင့်ဆင့်သည် ရဲတပ်ဖွဲ့ဝင်များအား စည်းကမ်းစနစ် ကျနမှုရှိသော၊ ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်တတ်သော၊ အမိန့်နာခံတတ်မှု ကောင်းမွန်သော တပ်ဖွဲ့ဝင်ကောင်းများ ဖြစ်လာစေရေး ကြပ်မတ်ကွပ်ကဲသွားရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် လိုအပ်ကြောင်း၊ စိတ်ရှည် သည်းခံစိတ်ထားရှိကာ လက်အောက်တပ်ဖွဲ့ဝင်များအား လုပ်ငန်းကျွမ်းကျင်မှု ရှိလာစေရေး၊ လေ့ကျင့်သင်ကြား ပေးသွားမှသာ ရဲတပ်ဖွဲ့ဝင်အဆင့်အတန်းအားလုံးသည် မိမိတို့၏ရည်မှန်းချက်တာဝန်များ၊ လုပ်ငန်းတာဝန် များကို သိရှိနားလည်ကာ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။ 


ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများအားလုံး တစ်ညီတစ်ညွတ်တည်း စည်းစည်းလုံးလုံးဖြင့် လုပ်ငန်းစွမ်းဆောင်မှုအရည်အသွေးများ မြင့်မားလာစေရေးအတွက် တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ တရားမျှတသောနည်းလမ်းများဖြင့် တပ်ဖွဲ့ဝင်များ၏ စားဝတ် နေရေးနှင့် လူမှုရေးအခက်အခဲများကို လုပ်ဆောင်ပေးနိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း၊ သင်တန်းကျောင်းများတွင်လည်း လုပ်ငန်းတတ်ကျွမ်းပြီး စည်းကမ်းစနစ်ကျနစွာ နေထိုင်လုပ်ကိုင် တတ်သော တပ်ဖွဲ့ဝင်များအား နည်းပြများအဖြစ်ထားရှိကာ တပ်ဖွဲ့ဝင်ကောင်းများအား လေ့ကျင့်သင်ကြားမွေးထုတ် ပေးရန်လိုအပ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ အသိပညာဗဟုသုတတိုးပွားရရှိစေရေးအတွက် စာဖတ်သည့်အလေ့ အထရရှိအောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တပ်ဖွဲ့ဝင်များ၏သစ္စာရှိမှု၊ ကိုယ်ကျင့်တရားကောင်းမှုနှင့် ကြိုးစားအားထုတ်မှုတို့အပေါ် စိစစ်၍ ယုံယုံကြည်ကြည် တာဝန်ပေးအပ်သွားရန်လိုအပ်ပြီး တာဝန်ပေးအပ်ထားမှု အပေါ်တွင်လည်း မားမားမတ်မတ်ရပ်တည်ပေးသွားရမည်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့၏သမားစဉ်လုပ်ငန်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ရေးသွင်းရမည့်မှတ်တမ်းမှတ်ရာများ စနစ်တကျ ရှိ/မရှိ အမြဲမပြတ် စစ်ဆေးကြပ်မတ် သွားရန်လိုအပ်ကြောင်း၊ ခေါင်းဆောင်များအနေဖြင့် မိမိအဆင့်၏ အောက်အဆင့် ၃ ဆင့်အထိဆင်း၍ ကြပ်မတ်သွားရမည်ဖြစ်သည့်အပြင် လိုအပ်ပါက မိမိအဆင့်၏အထက် ၂ ဆင့်ကိုလည်း တာဝန်ထမ်းဆောင် နိုင်အောင် လေ့ကျင့်ထားရမည်ဖြစ်ကြောင်း ရှင်းလင်းမှာကြားသည်။


ထို့ပြင် ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၉၃)၊ (၉၄)နှင့် (၉၆) တို့တွင် တက်ရောက်နေသော သင်တန်းသား/သူ တပ်ဖွဲ့ဝင်များနှင့် လက်ထောက်မီးသတ်တပ်စုမှူး သင်တန်းတက်ရောက်နေသော သင်တန်းသား/သူ တပ်ဖွဲ့ဝင်များအား ရဲအရာရှိလေ့ကျင့်ရေးကျောင်း ဗဟိုခန်းမ၌တွေ့ဆုံရာတွင် တပ်ဖွဲ့ဝင် သင်တန်းသား/သူများသည် မိမိတို့၏ သက်ဆိုင်ရာတပ်ဖွဲ့များ၌ ခေါင်းဆောင်ငယ်များအဖြစ် တာဝန် ထမ်းဆောင်ကြရမည့် အရာရှိများဖြစ်သည့်အတွက် သင်တန်းကာလတစ်လျှောက် နောက်လိုက်ကောင်းများ ဖြစ်အောင် လေ့ကျင့်သင်ကြားသွားရန်နှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများ ပြည့်စုံမှသာလျှင် လက်အောက်ငယ်သားများ အပေါ်မှန်ကန်သည့် ဩဇာလွှမ်းမိုးမှု များရရှိလာမည်ဖြစ်ပြီး မိမိတပ်ဖွဲ့မှာလည်း အရည်အသွေးမြင့်မားတိုးတက် လာမည်ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနရှိ တပ်ဖွဲ့များသည် နေ့စဉ်ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရသည့် တပ်ဖွဲ့များဖြစ်ရာ ပြည်သူလူထုမှ ယုံကြည်အားကိုမှုရရှိစေရေး အတွက် ဝတ်စားဆင်ယင်မှု၊ လှုပ်ရှားသွားလာမှုများတွင် စည်းကမ်း၊ စနစ်ကျနရန်လိုအပ်ပြီး ပြည်သူအပေါ် ပြေပြစ်ချေငံစွာ ပြောဆိုဆက်ဆံသွားရမည်ဖြစ်ကြောင်း။


ဒီမိုကရေစီခေတ်၏အစိတ်အပိုင်းတစ်ခုဖြစ်သော ပြည်သူကိုဗဟိုပြုသည့်စနစ်ဖြင့် ဆောင်ရွက်နေချိန် တွင် ပြောင်းလဲလာသည့်ခေတ်စနစ်နှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ရဲတပ်ဖွဲ့သည် ပြည်သူများ အား တရားဥပဒေနှင့်အညီ နေထိုင်လုပ်ကိုင်စေရန် ထိန်းသိမ်းစောင့်ရှောက်ရသည့် တပ်ဖွဲ့ဖြစ်သည့်အတွက် မိမိတို့ကိုယ်တိုင်လည်း ဥပဒေများအားသိရှိရန် လေ့လာဖတ်ရှုပြီး ဥပဒေများနှင့်ညီညွတ်စွာ နေထိုင်သွားရန် လိုအပ်ကြောင်း၊ ရဲလုပ်ငန်းစွမ်းရည်တိုးတက်မြင့်မားစေရန် ရဲတပ်ဖွဲ့ဆိုင်ရာဥပဒေများ၊ ကျင့်ထုံးဥပဒေ၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ ရဲလက်စွဲတို့အား ဖတ်ရှုမှတ်သားကာ လိုက်နာဆောင်ရွက်သွားရန်နှင့် ဗဟုသုတရရှိမည့် စာအုပ်စာပေများကိုလည်း ဖတ်ရှုလေ့လာသွားကြရမည်ဖြစ်ကြောင်း၊ မှုခင်းများဖြစ်ပွားမှု လျော့နည်းကျဆင်းရေးအတွက် ရပ်ကွက်/ကျေးရွာများ၊ စာသင်ကျောင်းများသို့ သွားရောက်ကာ မှုခင်းအသိ ပညာပေး၊ မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ အဆင့်နှင့်လျှော်ညီသည့် အတတ်ပညာ၊ အသိပညာများရရှိအောင် စဉ်ဆက်မပြတ် လေ့လာ၊ လေ့ကျင့်နေမှသာလျင် လုပ်ငန်းကျွမ်းကျင်မှုရရှိလာမည်ဖြစ်ပြီး အထက်အကြီးအကဲများမှ ယုံကြည်စိတ်ချစွာ တာဝန်ပေးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားရန်လိုအပ်ကြောင်းမှာကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတက်ရောက်လျက်ရှိသည့် ဒုတိယရဲအုပ်လောင်း သင်တန်းများနှင့် လက်ထောက်မီးသတ်တပ်စုမှူးသင်တန်းတို့အတွက် ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့သည်။


အဆိုပါ တွေ့ဆုံပွဲများသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ အထူးစုံစမ်း စစ်ဆေးရေးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှညွှန်ကြားရေးမှူးချုပ်များ ဒုတိယရဲချုပ် (လုံခြုံ/မှုခင်း) ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဌာနကြီးမှူးများ၊ လုံခြုံရေးရဲ ကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူးများ၊ သီးခြားရဲတပ်ဖွဲ့မှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့မှူးများ၊ ရဲလေ့ကျင့်ရေးကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် သင်တန်းသားအရာရှိလောင်းများ တွေ့ဆုံ ပွဲတွင် ဗဟိုမီးသတ်သင်တန်းကျောင်းမှ ခေတ္တကျောင်းအုပ်ကြီး၊ နည်းပြရဲအရာရှိကြီးများနှင့် ဒုတိယရဲအုပ်လောင်း သင်တန်း အမှတ်စဉ်(၉၃)၊ (၉၄)နှင့် (၉၆)မှ သင်တန်းသား/သူ တပ်ဖွဲ့ဝင်များ၊ လက်ထောက်မီးသတ်တပ်စုမှူး သင်တန်းအမှတ်စဉ်(၁၇)မှ သင်တန်းသား/သူ တပ်ဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြောင်းသိရသည်။


(သတင်းစဉ်)