ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်  ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၇

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင် နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဘိုကလေးမြို့ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန် နယ်စပ်ရေးရာ ဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့သည့် ဘောလုံးအားကစားကွင်းကို ကြည့်ရှုစစ်ဆေးပြီး ထပ်မံတိုးချဲ့အဆင့်မြှင့်တင်နိုင်ရေး၊ စုပေါင်းတန်းစီကွင်းနှင့် ဘော်လီဘော/ ပိုက်ကျော်ခြင်း အားကစားကွင်းများ ထပ်မံဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကျောင်းသား၊ ကျောင်းသူများကို အာဟာရပြည့် ဖြည့်စွက်စာများ ကျွေးမွေးနိုင်ရေးအတွက် လှူဒါန်းငွေများပေးအပ်သည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ဘိုကလေး) သို့ ရောက်ရှိပြီး ကျောင်းအုပ်နှင့် နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေဆုံ၍ ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်မှ အခမဲ့ ပညာသင်ကြားရေးနှင့်  နေထိုင်စားသောက်ရေးတို့ကို အလေးထားဆောင်ရွက်ပေးနေမှု အပေါ် ကျေးဇူးသစ္စာစောင့်သိရိုသေကာ  ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့် ပြည့်စုံ၍ နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ၊ ခေါင်းဆောင်ကောင်းများဖြစ်အောင် ရည်မှန်းချက် များနှင့်အညီ အလေးထားသင်ယူသွားကြရန် တိုက်တွန်းမှာကြားခဲ့ပြီး ချီးမြှင့်ငွေများပေးအပ်သည်။ 

ယင်းနောက် ကျောင်းဝန်းအတွင်းရှိ စားရိပ်သာ၊ အိပ်ဆောင်၊ ရာသီသီးနှံ စိုက်ပျိုးထားရှိမှု၊  စာကြည့်တိုက်၊ စတိုဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စားရိပ်သာ ၌ကျောင်းသား၊ ကျောင်းသူများနှင့်အတူ  နေ့လယ်စာအား အတူတကွ သုံးဆောင်ခဲ့ကြသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်   မအူပင်မြို့ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး  နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့သည့် ဘောလုံးအားကစားကွင်းကို ကြည့်ရှု စစ်ဆေးခဲ့ပြီး ထပ်မံတိုးချဲ့ အဆင့်မြှင့်တင်နိုင်ရေးနှင့် စုပေါင်းတန်းစီကွင်း ပြုလုပ်ပေးနိုင်ရေးတို့အတွက် တာဝန်ရှိသူများကို မှာကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း(မအူပင်)သို့ ရောက်ရှိပြီးကျောင်းအုပ်၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို  တွေ့ဆုံအမှာစကားပြောကြားပြီး ချီးမြှင့်ငွေများပေးအပ်သည်။ ဆက်လက်၍ ကျောင်းဝန်းအတွင်းရှိ စာကြည့်တိုက်၊ အိပ်ဆောင်၊ စားရိပ်သာများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)သို့ ရောက်ရှိပြီး ဒီဂရီကောလိပ်အစည်းအဝေး ခန်းမ၌  ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ ဌာနမှူးများနှင့် တွေ့ဆုံရာ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ အုပ်ချုပ်ရေး၊ လေ့ကျင့်သင်ကြားရေးဆိုင်ရာ အချက်အလက်များနှင့်  စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ကျောင်းအုပ်ကြီးနှင့် ပါမောက္ခ/ ဌာနမှူးများ၏ တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့ပြီး အိပ်ဆောင်များ၊ စားရိပ်သာ၊ စာကြည့်တိုက်၊ ပျိုးဥယျာဉ်၊ ငွေနှင်းမှို စိုက်ပျိုးထားရှိမှု၊ ဆောင်ရွက်ဆဲ လေးထပ်အင်ဂျင်နီယာ စာသင်ဆောင်၊ အားကစားကွင်း အဆင့်မြှင့်တင် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများကို  ကြည့်ရှုစစ်ဆေး၍  လိုအပ်သည်များ  မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊  ပါမောက္ခ/ ဌာနမှူးများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများကို တွေဆုံ၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်