ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်  ကယားပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၅   

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကယားပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ နှင့် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းတွင်  ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိရာ ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးသန့်ဇင် က ဒေသဖွံ့ဖြိုး‌ရေးအတွက် ဆောင်ရွက်ပြီးနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများကိုလည်းကောင်း၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကယားပြည်နယ်ဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးတင်ဦးက သင်တန်းကျောင်းများဆိုင်ရာ အချက်အလက်များကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကယားပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့မှ ဝန်ထမ်းများကို လိုအပ်သည်များ မှာကြား၍ ရုံးဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်း (လွိုင်ကော်) သို့ သွားရောက်၍ ကျောင်းဝန်းအတွင်းရှိ သင်တန်းခန်းမများ၊ သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှုများ၊ အိပ်ဆောင်များ၊ စားရိပ်သာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (လွိုင်ကော်) သို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအမှာစကား ပြောကြား၍ ထောက်ပံ့ငွေများပေးအပ်ကာ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။  

သတင်းစဉ်

mdn