ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီးတွင်ကျင်းပသည့် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားသို့တက်ရောက်

ရန်ကုန် ဩဂုတ် ၂၆

ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပရာ တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ဗဟိုအကြံပေးအဖွဲ့ဝင် စောဒယ်နီရယ်၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကရင်တိုင်းရင်းသားများ၊ အခြားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင်၊  ဗဟိုအကြံပေးအဖွဲ့ဝင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဖားစည်(၉)ချက် တီးပြီး ကရင်လူငယ်(၉) ဦးတို့က ကျွဲချိုမှုတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေး အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် က မြန်မာသက္ကရာဇ် ဝါခေါင်လဆန်း(၁) ရက်မှစတင်ပြီး ဝါခေါင်လပြည့်နေ့အထိ ကျင်းပလေ့သည့် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသည် ကရင်တိုင်းရင်းသားဘိုးဘွားမိဘများ၏ အစဉ်အလာမပျက် လက်ဆင့်ကမ်းခဲ့ကြသည့် မင်္ဂလာတရားများနှင့် ပြည့်စုံသည့် ရိုးရာအမွေ အနှစ်တစ်ခုဖြစ်ကြောင်း၊ မိသားစုများအားလုံး စည်းစည်းလုံးလုံးဖြင့် ပြန်လည်တွေ့ဆုံပြီး လက်ရည်တပြင်တည်း ဖြစ်ခြင်း၊ နွေးနွေးထွေးထွေးဖြင့် ချစ်ကြည်ရင်းနှီးစည်းလုံးမှုများ တိုးပွားစေခြင်းနှင့် ရိုးရာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းဖော်ထုတ်ခြင်း တို့ဖြင့် ထူးမြတ်သည့် မင်္ဂလာအခမ်းအနားဖြစ်ကြောင်း၊ “ချည်ဖြူဖွဲ့မင်္ဂလာကျင်းပခြင်းဖြင့်” မကောင်းသည့် ဖြစ်ပျက်မှု၊ ဖြစ်စဉ်များ ပျောက်ပျက်ပြီး ကောင်းမွန်သည့် မင်္ဂလာတရားများ သက်ဝင် ရောက်ရှိလာစေရန် ဆောင်ရွက်ကြသည့် ပွဲတော်ဖြစ်ကြောင်း၊ ပွဲတော်အတွက် လိုအပ်သည့် အရာများမှာ ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ သန့်စင်သောရေနှင့် ကြံပိုင်းတို့ဖြစ်ကြပြီး စနစ်တကျဆောင်ရွက်သည့် ပွဲတော်လည်း ဖြစ်ကြောင်း၊ ဤအရာကိုကြည့်ခြင်းအားဖြင့် ကရင်တိုင်းရင်းသားများ၏ စနစ်တကျ စုပေါင်းညီညာ ဆောင်ရွက်တတ်မှု၊ လက်ဆင့်ကမ်းအမွေအနှစ်များ လွှဲပြောင်းပေးအပ်ခံယူ တတ်မှုနှင့် ရိုးရာယဉ်ကျေးမှုများကို စနစ်တကျထိန်းသိမ်းဆောင်ရွက်တတ်မှုများကို တွေ့ရှိရ မည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပေးကြသည့် ပြည်ထောင်စုဖွား ကရင်တိုင်းရင်းသားများနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကောင်းခြင်း မင်္ဂလာအဖြာဖြာနှင့်ပြည်စုံကြပါစေကြောင်းနှင့် ရပ်ရွာအကျိုး၊ တိုင်းပြည်အကျိုးကို ဆတက်ထမ်းပိုး အတူတကွ ကျရာကျရာအခန်းကဏ္ဍမှ  တာဝန်ထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး ကရင်လူမျိုးများ၏ ရိုးရာအိုးစည်အက၊ ကရင်ရိုးရာ ဒုံးယိမ်းအက၊ ကရင်ဝါးညှပ်အကများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှ တိုင်းရင်းသား ဝန်ထမ်းများက စည်းလုံးခြင်းအတွက်တေးသီချင်း၊ ရိုးရာအကများဖြင့် တင်ဆက်ဖျော်ဖြေကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့က ပွဲတော်ကျင်းပရေးကောင်မတီနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များအား ထောက်ပံ့ငွေများပေးအပ်ကြပြီး ကရင်ဘိုးဘွားများက အခမ်းအနားသို့ တက်ရောက်လာ ကြသည့် ဧည့်သည်တော်များနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများကို ကရင်ရိုးရာချည်ဖြူ ဖွဲ့ပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့များသည် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ဆိပ်ခံဗောတံတားနှင့် တိုင်းရင်းသားများ၏ ရိုးရာနေအိမ်များ၊ နန်းမြင့်မျှော်စင်တို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးရှိဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ ထုံးတမ်းအစဉ်အလာများနှင့် အချို့သော သမိုင်းဝင်မှတ်တမ်းများကို တစ်နေရာတည်းတွင် စုစည်း၍ လေ့လာသိရှိမှတ်သားနိုင်စေရန် မီးမောင်းထိုး ပြသဖော်ကျူးထားသည့်နေရာဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ယခု ထက်ပိုမိုကောင်းမွန်အောင် စောင့်ကြပ်ကြည့်ရှု ပြုပြင်ထိန်းသိမ်းပြီး လာရောက်လေ့လာ ကြည့်ရှုသည့် ပြည်သူလူထုများကို စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ်ဖြင့် စနစ်တကျ ရှင်းလင်းတင်ပြကြရန် တိုက်တွန်းပြောကြားပြီး ဌာနဆိုင်ရာလိုအပ်ချက်များကို ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

သတင်းစဉ်