ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသားများနှင့်တွေ့ဆုံ

နေပြည်တော် ၂၈ ဇွန်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ယမန်နေ့ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖွဲ့ အစည်းအဝေးခန်းမ၌ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံဆွေးနွေးသည်။

အခမ်းအနားသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖွဲ့ ဦးစီးဥက္ကဋ္ဌ ဦးကျောက်ထယ်ချန်နှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင် မြို့နယ် ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခင်က မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့ပြီး ပြည်တွင်း ငြိမ်းချမ်းမှုမရှိသည့်အတွက် တိုင်းရင်းသားများအချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲခဲ့ကြသဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ခဲ့ရပါကြောင်း၊ ငြိမ်းချမ်းရေးသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိမှသာ ဒေသခံတိုင်းရင်းသားများ လိုလားတောင့်တကြသည့် လမ်းတံတား၊ လျှပ်စစ်မီး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့ ဖွံ့ဖြိုးတိုးတက် မြင့်မားအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာရေးဆိုသည့် လူ့သယံဇာတ မြင့်မားဖို့လည်း လိုအပ်ပါကြောင်း။

စင်ကာပူနိုင်ငံသည် သယံဇာတ တွင်းထွက်ပစ္စည်းမရှိဘဲ လူ့သယံဇာတဖြင့်သာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြသည်ကို အားလုံးတွေ့မြင်ကြရမည် ဖြစ်ပါကြောင်း၊ လူ့သယံဇာတဆိုသည့် ပညာရေးမြှင့်တင်ကြမှသာ ဒေသတွင်းလျင်မြန်စွာ  ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ ကာကွယ် စောင့်ရှောက်သည့်ဥပဒေတွင် တိုင်းရင်းသားများသည် မိမိတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာသာသနာတို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိပါကြောင်း၊ အခမ်းအနားများနှင့် နေ့ထူးနေ့မြတ်များကို လွတ်လပ်စွာ ကျင်းပဆောင်ရွက်ခွင့်ရှိပါကြောင်း၊ ယခုအချိန်အခါတွင် တိုင်းရင်းသားဒေသများ၌ နိုင်ငံတော်အစိုးရက ဖွံ့ဖြိုးရေးလုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ တွေ့ဆုံပွဲတွင် ဒေသခံတိုင်းရင်းသားများအနေဖြင့် မိမိတို့တိုင်းရင်းသားများ၏ ဆန္ဒသဘောထားများနှင့် ဒေသတွင်းလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ လွှတ်တော်ကိုယ်စားများနှင့် ဒေသခံတိုင်းရင်းသားများက မှတ်ပုံတင်ပြုလုပ်ခြင်းကိစ္စ၊ မြန်မာနှင့်တရုတ်နယ်စပ်၊ ချင်းရွှေဟော်နယ်စပ်ဂိတ် တိုးမြှင့်ဖွင့်လှစ်နိုင်ရန်ကိစ္စ၊ လမ်းပန်းဆက်သွယ်ရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့် ဒေသတွင်းလိုအပ်ချက်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖွဲ့ ဦးစီးဥက္ကဋ္ဌ ဦးကျောက်ထယ်ချန်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းပြောကြားသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဒေသခံတိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နန်ဆန်နယ်စပ်စစ်ဆေးဂိတ်၊ ချင်းရွှေဟော်မြို့ရှိ ထာဝရငြိမ်းချမ်းရေး မော်ကွန်းကျောက်တိုင်နှင့် နမ့်ဖာဟော်နယ်စပ်မြစ်တံတားရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သတင်းစဉ်