ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ နေပြည်တော်သို့ လေ့လာရေးလာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

နေပြည်တော်  ၂၈ မေ 

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ အဖွဲ့များမှ ကိုယ်စားလှယ်များအား ယနေ့နံနက် (၁၀) နာရီတွင် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။ 

 

0269

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကိုယ်စားလှယ်များကို နေပြည်တော်သို့ လာရောက်လေ့လာရန် ဖိတ်ခေါ်ရသည့် ရည်ရွယ်ချက်မှာ တိုင်းရင်းသားအချင်းချင်း ရင်းနှီးစွာ တွေ့ဆုံနိုင်ရန်၊ မိမိတို့၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ထိန်းသိမ်းလိုစိတ်များ ပွားများလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အမြင်ချင်းဖလှယ်၍ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးပွားလာစေပြီး ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုခိုင်မာလာစေရန်နှင့် ဒေသန္တရဗဟုသုတများ ရရှိစေရန်ဖြစ်ပါကြောင်း၊ ချစ်ကြည်ရင်းနှီးမှုမှသည် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုများ တိုးပွားလာကာ သံသယစိတ်များ ပပျောက်လာစေမည်ဖြစ်ပြီး တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား ခိုင်မာသော ယုံကြည်ချက်များရရှိကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဆွေးနွေးအဖြေရှာနိုင်မည် ဖြစ်ပါကြောင်း၊ လေ့လာရေး လာရောက်ကြသည့် အဖွဲ့များအနေဖြင့် မိမိတို့နေထိုင်ရာ ဒေသအသီးသီးသို့ ပြန်လည်ရောက်ရှိသည့်အခါ ငြိမ်းချမ်းရေး၏ ကောင်းကျိုး၊ တရားဥပဒေစိုးမိုးမှု၏ အသီးအပွင့်များကြောင့် နေပြည်တော်ကြီး သာယာစည်ပင်ပုံကို ကျန်ရှိနေသည့် မိမိတို့၏ တိုင်းရင်းသားညီအစ်ကို မောင်နှမများကိုလည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်ဆက်နွယ် နေကြသူများအားလုံးနှင့် အဖွဲ့အစည်းများ အားလုံးတို့ကိုလည်းကောင်း သိရှိစေရန် ပြန်လည်မျှဝေပေးကြရေး တိုက်တွန်းပြောကြားလိုပါကြောင်း။

 

0306

 

တိုင်းပြည်၏ ငြိမ်းချမ်းရေးသည် တစ်ရက်စောပြီး ငြိမ်းချမ်းရေးရပါက တစ်ရက်စောပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရရှိကာ နိုင်ငံတကာနှင့် ရင်ဘောင်တန်း၍ ဒေသတွင်းနိုင်ငံများကို အမီလိုက်နိုင်မည် ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စုကို အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများအကြား အာဏာမျှတစွာ ခွဲဝေအုပ်ချုပ်နိုင်ရေး ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်၍ တန်းတူညီမျှရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရအနေဖြင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား တန်းတူညီမျှရေး ဆောင်ရွက်နေသကဲ့သို့ တိုင်းရင်းသားများ အနေဖြင့်လည်း အသိပညာ၊ အတတ်ပညာ ဗဟုသုတများတွင် တန်းတူဖြစ်စေရေး ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ဖက်ဒရယ်စနစ် သဘောတရားအရ မိမိပြည်နယ်/ တိုင်းဒေသများတွင် ဒေသခံ ပြည်သူလူထုက ရွေးကောက်တင်မြှောက်သည့် အဖွဲ့အစည်း/ ပုဂ္ဂိုလ်များကသာ စီမံအုပ်ချုပ်ရသည်ဖြစ်၍ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးသည် ဒေသခံတိုင်းရင်းသား ပြည်သူများပေါ်တွင် များစွာမူတည်နေပါကြောင်း၊ ပြည်နယ်/တိုင်းဒေသများ ဖွံ့ဖြိုးတိုးတက်လာမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာ့နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်မည်ဖြစ်၍ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးလှမော်ဦးက ကမ္ဘာ့နိုင်ငံကြီးများတွင် ၎င်းတို့၏ တိုင်းရင်းသား လူမျိုးများအရေး ဆောင်ရွက်နေမှု အခြေအနေများ၊ မိမိတို့နိုင်ငံ၏ တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို နှိုင်းယှဉ်၍ ဆောင်ရန်၊ ရှောင်ရန်ကိစ္စရပ်များနှင့် နိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများအားလုံး စည်းလုံးညီညွတ်ကြရန် မှာကြားသည်။ 

ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က နေပြည်တော် လေ့လာရေးခရီးစဉ် (ဒုတိယအကြိမ်)နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ အဖွဲ့များကိုယ်စား လီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးချောလဲနှင့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ ကိုယ်စား  မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ နိုင်ခင်မောင်မြင့်တို့က မိတ်ဆက်စကား ပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် လေ့လာရေးအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယခုလေ့လာရေးခရီးစဉ်သို့ ကချင်ပြည်နယ်ရှိ ဇိုင်ဝါး၊ တိုင်းခမ်းတီ၊ တိုင်းလုံ၊ တိုင်းလိုင်၊ တိုင်းလေ၊ တိုင်းဆာ၊ လီဆူ၊ လာချိဒ်၊ လော်ဝေါ်၊ ဂျိန်းဖော့၊ ရဝမ်၊ ဗမာ အစရှိသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ (၁၂)ဖွဲ့မှ အဖွဲ့ဝင်ကိုယ်စားလှယ် (၄၈) ဦးနှင့် တနင်္သာရီတိုင်းဒေသကြီးရှိ မွန်၊ ကရင်၊ ထားဝယ်၊ ဆလုံ အစရှိသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့(၄)ဖွဲ့မှ အဖွဲ့ဝင်ကိုယ်စားလှယ် (၄၂) ဦး၊ စုစုပေါင်း (၉၀) ဦး လာရောက်လေ့လာကြကြောင်း သိရသည်။

သတင်းစဉ်