ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင့်ဆွေ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျယ်ဂျူးမြို့၌ ပြုလုပ်ခဲ့သည့် (၁၄)ကြိမ်မြောက် ဂျယ်ဂျူးဖိုရမ်သို့ ပါဝင်တက်ရောက်

နေပြည်တော် ၃၁  မေ

 

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် Jeju Free International City Development Center တို့မှကြီးမှူး၍ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျယ်ဂျူးမြို့၊ International Convention Center (ICC) ၌ ကျင်းပပြုလုပ်သည့် (၁၄)ကြိမ်မြောက် ဂျယ်ဂျူးဖိုရမ် (14th Jeju Forum for Peace & Prosperity 2019) သို့ မေ ၂၉  ရက်နေ့မှ မေ ၃၀ ရက်နေ့အထိ တက်ရောက်ခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးသည် မေ ၂၉ ရက်နေ့၊ ညနေပိုင်းတွင် ဂျယ်ဂျူး အုပ်ချုပ်ရေးမှူး (Governor) Mr. Won Heeryong မှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲနှင့် မေ ၃၀ ရက်နေ့၊ နံနက်  ၁၀ နာရီတွင် ကျင်းပပြုလုပ်သည့် (၁၄)ကြိမ်မြောက် ဂျယ်ဂျူးဖိုရမ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ၃၀-၅-၂၀၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သည့် New Southern Policy, Achievements and Challenges over the Past Two years: In the Aspect of Foreign and Security Policy ခေါင်းစဉ်ဖြင့် သီးသန့်ဆွေးနွေးပွဲ၌ Keynote Speaker အဖြစ် အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးမှ အဖွင့်မိန့်ခွန်း စကားပြောကြားရာတွင် ကိုရီးယားသမ္မတနိုင်ငံ၏ New Southern Policy ၏ အကျိုးရလဒ်များ၊ အာဆီယံ-ကိုရီးယားစီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ကိုရီးယားသမ္မတနိုင်ငံ သမ္မတမွန်ဂျေအင်း အစိုးရ၏ ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားကင်းစင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် မြန်မာနိုင်ငံအနေဖြင့် အစဉ်အမြဲအားပေး ထောက်ခံလျက်ရှိသည်များ၊ မြန်မာနိုင်ငံ၌ ကိုရီးယားစီးပွားရေး ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်သွားရေးကိစ္စရပ်များ၊ မြန်မာ-ကိုရီးယားနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရေး ကိစ္စရပ်များအား ထည့်သွင်းပြောကြားခဲ့သည်။

 

(၁၄)ကြိမ်မြောက် ဂျယ်ဂျူးဖိုရမ်သို့ ဩစတြီးယားနိုင်ငံ သမ္မတဟောင်း Mr. Heiz Fischer ၊ ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Malcolm Trunbull၊ ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Yukio Hatoyama ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း Mr. Li Zhaoxing ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း Mr. Marty Natalegawa၊ အာဆီယံအတွင်းရေးမှူးချုပ် Dato Lim Jock Hoi တို့လည်း တက်ရောက်ခဲ့သည်။

 

၃၀-၅-၂၀၁၉ ရက်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်မည့် (၂၅)ကြိမ်မြောက် အာရှအနာဂတ်ဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲ 25th International Conference on Future of Asia သို့ တက်ရောက်ရန်အတွက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်