ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် ဆေးကုသရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ မေ ၁၂
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လမ်းမတော်မြို့နယ်ရှိ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်ရှိ ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာန  (MEDICAL SKILLS, SIMULATION AND RESEARCH CENTER) တွင်ကျင်းပနေသေည့်  အခြေခံအရိုးရောဂါခွဲစိတ်ကုပညာ ကျွမ်းကျင်မှုသင်တန်း (BASIC ORTHOPAEDIC SURGICAL SKILLS COURSE) အရိုးရောဂါခွဲစိတ်ကုသမှု လက်တွေ့ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေး အားပေးပြီး သင်တန်းပို့ချလျှက်ရှိသော အရိုးရောဂါပညာဌာနမှ ဆရာများနှင့် သင်တန်းတက်ရောက်လျက်ရှိသည့် ဆေးပညာမဟာသိပ္ပံ ကျောင်းသား/သူများကို တရင်းတနှီး တွေ့ဆုံ၍ လိုအပ်သည်များကိုမှာ ကြားသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ သင်တန်းသား သင်တန်းသူများအဆောင်ထားရှိရန် အဆောက်အဦကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။ ထိုမှတစ်ဆင့် အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာ ဌာနဝန်း အတွင်းရှိ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ RC (၅)ထပ်၊ သင်တန်းသား သင်တန်းသူများ အဆောင် ဆောက်လုပ်မှုလုပ်ငန်းခွင်နှင့် ကျောင်းသား/ သူအဆောင်ဆောက်လုပ်မည့် မြေနေရာကို လှည့်လည် ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များကို မှာကြားသည်။   
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အရိုးနှင့် ထိခိုက်ဒဏ်ရာ ကုဌာန၊ ဆေးကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ ဓါတ်ရောင်ခြည်ဆေးကုဌာနများတွင် ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လူနာများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ဆောင်သစ်ကြီးတွင် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လူနာများစိတ်အေးချမ်းသာစွာ ဆေးကုသမှုခံယူနိုင်ရေး၊ ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေး၊ အဆောက်အဦ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေး၊ လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ စနစ်တကျစီမံဆောင်ရွက်ထားရှိရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်