ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်)၏ ကျန်းမာရေး စောင့်ရောက်မှုလုပ်ငန်း ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ၁၀

 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းတွင် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာဌေးလွင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်) သို့သွားရောက်ကာ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဆေးသိုလှောင်ဌာနတွင် ဆေးဝါးများ စနစ်တကျသိုလှောင် ထားရှိမှု၊ မီးဖိုနှင့်ရိက္ခာဌာနတွင် ဆေးရုံတက်လူနာများအတွက် အစားအသောက်များ သန့်ရှင်းစွာချက်ပြုတ်နေမှု၊ မူးယစ်ဆေးစွဲ လူနာကုသဆောင်၊ ရေကြီးရေလျှံမှုမဖြစ်စေရန် ရေတားဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံကြီးမှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စိတ်ကျန်းမာရေးဆေးရုံကြီး(ရန်ကုန်) သည် မြန်မာနိုင်ငံတွင် အကြီးဆုံးစိတ်ကျန်းမာရေးဆေးရုံကြီးဖြစ်သည်နှင့်အညီ ဆေးရုံတက်ရောက်ကုသမှုခံယူသည့် လူနာ များပြားသည့်အတွက် လူနာများစိတ်ချမ်းသာစွာဖြင့် ကုသမှုခံယူနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် မိုးများသည့်အတွက် ဆေးရုံကြီးအတွင်းရေလျှံမှုခဲ့သည့်အတွက် နောင်နှစ်များတွင် ရေကြီးရေ လျှံမှုမဖြစ်ပွား စေရန်ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့်ညှိနှိုင်း၍ လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုမဖြစ်ပွားစေရန် ဆေးရုံကြီးမှတာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ ဌာနများနှင့် ကြိုတင်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့်ဆေး ဝါးများ၊ ကုသမှုအထောက်အကူပြုပစ္စည်းများ အလုံအလောက်ပံ့ပိုးထားရှိပြီး ဖြစ်သည့်အတွက် အလေအလွင့်မရှိအောင် ထိထ ိရောက်ရောက် သုံးစွဲနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်သွားရန် အရေးကြီးကြောင်း၊ လိုအပ်ချက်ရှိသည့် ဆေးနှင့်ဆေးပစ္စည်းများကို အောက်ခြေအဆင့်ဆင့်က စနစ်တကျတွက်ချက်၍ အချိန်နှင့် တစ်ပြေးညီ တင်ပြတောင်း ခံသွားရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေး လျက်ရှိပြီး နယ်ပယ်အသီးသီးတွင် ဖြည့်ဆည်း ခန့်ထားပေးလျက်ရှိပါကြောင်း၊ ဘွဲ့ကြို/ဘွဲ့လွန်ဆေးပညာ သင်ကြားရေး ကိစ္စရပ်များ၊ သူနာပြုများ၊ သူနာပြုအကူများခန့်ထားရေး၊ ဝန်ထမ်းအိမ်ရာများ အတွက်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လည်း ကျန်းမာရေးဝန်ထမ်းများအတွက် ပညာရှင်ကြေးများ၊ ညဂျူတီကြေးများ၊ ထောက်ပံ့ကြေးများ ပံ့ပို့ပေးလျက်ရှိသည့်အတွက် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ၍ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လမ်းညွှန်အမှာစကား ပြောကြားသည်။

 

ထို့နောက် ဆေးရုံအုပ်ကြီး ဒေါက်တာခင်သန်းမွန်က စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်)၏ ဆေးရုံလုပ်ငန်း ဆောင်ရွက်ချက်များ၊ ကျန်းမာရေးဝန်ထမ်းအင်အား၊ လျှပ်စစ်ရရှိမှု၊ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု၊ ယခုနှစ်အတွင်း ဆေးရုံကြီးအတွင်းသို့ ထူးကဲရေဝင်ရောက်ခဲ့မှု ၊ ရေစီးရေလာကောင်းမွန် စေရေး ဆောင်ရွက် သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့် တက်ရောက်လာကြသည့် ဝန်ထမ်းများက ကုသရေးဆိုင်ရာနှင့် ဆေးပညာသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ကုသရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမြတ်ဝဏ္ဏစိုးတို့က လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက်လာကြသည့် ကျန်းမာရေးဝန်ထမ်းများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)