ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ပြည်သူ့ဆေးရုံကြီး(သန်လျင်)  ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၈

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ပါမောက္ခချုပ်(ဆေးရုံအုပ်ကြီး/ကုသရေး)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံကြီး(သန်လျင်)ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့ဆေးရုံကြီး၊ သန်လျင်မြို့ အစည်းအဝေးခန်းမတွင် ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများကိုတွေ့ဆုံရာ ဆေးရုံအုပ်ကြီးက ဆေးရုံလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းပေးခြင်း၊ သက်ဆိုင်ရာဘာသာရပ်အလိုက် ကြည့်ရှုကုသမှုများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရေး မှာကြားခြင်း၊ လိုအပ်သော ဆေးဝါးနှင့်ဆေးရုံသုံးပစ္စည်း ကိရိယာများ ပံ့ပိုးဖြည်းဆည်းပေးခြင်း၊ အထူးကြပ်မတ် ကုသမှုလုပ်ငန်းနှင့် အစာအိမ်မှန်ပြောင်း ကြည့်ရှုကုသမှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် သင်တန်း တက်ရောက်နိုင်ရေး မှာကြားခြင်းများ ဆောင်ရွက်ပြီး ဆေးရုံအခြေပြု ကာကွယ်ဆေးထိုး လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ပေးရန်၊ ပြည်သူ့ဆေးရုံ အခြေပြု အထူးကုကွင်းဆင်း ဆေးကုသမှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံသားကောင်း ပီသစွာ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် ခံယူရရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့ဆေးရုံကြီး-သန်လျင်မြို့ရှိ အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ဓာတ်ခွဲခန်း၊  ဓာတ်မှန်ဆောင်၊ ခွဲစိတ်ခန်း၊ အထူးကြပ်မတ်ကုသဆောင်၊ ဆေးကုသ ဆောင်နှင့် အထူးကုပြင်ပလူနာ ကြည့်ရှုရန်အတွက် အဆောက်အဦနေရာသို့ လှည့်လည်ကြည့်ရှု စစ်ဆေးကာ ပြည်သူများ အကျိုးအတွက် ဆေးကုသရေးလုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်စေရေး ဆောင်ရွက်ပေးရန်မှာကြားပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်