ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်ရာဇဝိဒယလျ တက္ကသိုလ်ကောင်စီက ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးအပ်ချီးမြှင့်

ရန်ကုန် ၁၀ ဇူလိုင် 

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်ရာဇဝိဒယလျ တက္ကသိုလ်ကောင်စီက ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းတည့် (၁၂)နာရီတွင် ရန်ကုန်မြို့ ကရဝိက်နန်းတော်ခန်းမ၌ ကျင်းပသည်။

 

dfwe3

 

အခမ်းအနားတွင် ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်ရာဇဝိဒယလျ တက္ကသိုလ်ကောင်စီမှ ပါမောက္ခချုပ်ဆရာတော် Dr. Phra Rajapariyatkavi က အမှာစကား မိန့်ကြားတော်မူပြီး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ပေးအပ်ချီးမြှင့်အပ်နှင်းသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ဗုဒ္ဓဘာသာ သာသနာတော်တည်တံ့တိုးတက် ခိုင်မြဲရေးအတွက် သာသနာ့ရေးရာ၊ ပရိယတ္တိပညာရေးရာလုပ်ငန်းများ ထောက်ပံ့စီမံခန့်ခွဲပေးနိုင်ခြင်း၊ ဘာသာရေးကို အခြေခံသော ပဋိပက္ခများ မဖြစ်ပွားစေရေးအတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စီမံခန့်ခွဲနိုင်ခြင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး လုပ်ငန်းစဉ်များကို နိုင်ငံတကာနှင့် ချိတ်ဆက်၍ စီမံဆောင်ရွက်ပေးနိုင်ခြင်း၊ ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း မြေငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော စေတီပုထိုးများ ပြန်လည်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြည်တွင်း ပြည်ပ အလှူရှင်များ၏ လှူဒါန်းမှုများ၊ နိုင်ငံတကာပညာရှင်များ၏ အကူအညီများဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေးတို့အတွက် ဦးဆောင်ဦးရွက်ပြု၍ စီမံခန့်ခွဲနိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်ရာဇဝိဒယလျ တက္ကသိုလ်ကောင်စီက ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်