ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြည့်ရှုအားပေး

ရန်ကုန် ဇူလိုင်၉

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ဇူလိုင် ၈ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျှက်ရှိသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းဖြစ်သော Panko Bago Co.,Ltd ၏ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းသို့ သွားရောက်လေ့လာကြည့်ရှုသည်။

 

လေ့လာကြည့်ရှုစဉ် ကုမ္ပဏီ၏ General Director ဖြစ်သူ Mr. Chae Sung Jong နှင့် Director ဖြစ်သူ Mr. Kyung Jung Kim တို့က ပဲခူးစက်မှုဇုန်တွင် အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အပိုင်းလိုက် တိုးချဲ့ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ကောင်း၊ အပိုင်းလိုက် လုပ်ငန်းများအနက်အပိုင်း (၁) လုပ်ငန်းပြီးစီး၍ လုပ်သားအင်အား ၂၅၀၀ ခန့်ဖြင့် အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်မှု ၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အပိုင်း (၂) တည်ဆောက်မှုလုပ်ငန်းများပြီးစီး၍ လုပ်သားအင်အား ၅၀၀၀ ဖြင့် လုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည့်အခြေအနေ၊ ကျန်ရှိသည့်အပိုင်းများကို ၂၀၂၄ ခုနှစ်အပြီး ဆက်လက်ဆောင်ရွက် သွားမည့် အခြေအနေနှင့် အဆိုပါ အပိုင်းများ ပြီးစီးသွားပါက စုစုပေါင်း လုပ်သား ၁၂၀၀၀ အထိ ခန့်ထား၍ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ ဈေးကွက် တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရ သည့် အခက်အခဲနှင့် လိုအပ် ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။  

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆက်လက်တိုးချဲ့ ဆောင်ရွက် နိုင်ရေးတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ကူညီပံ့ပိုးဆောင်ရွက်ပေးမည့် အစီအစဉ်များကိုလည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ  တိုးချဲ့မြှင့်တင်ရေးနှင့် လုပ်သားများ၏ ကျွမ်းကျင်မှုဆိုင်ရာ မြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ လုပ်သားများ၏ သက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း အကြံပြုဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံဝင်း အတွင်း လှည့်လည်ကြည့်ရှု အားပေးသည်။

 

ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျှက်ရှိသော ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်ရှိ Myanmar Pou Chen Co.,Ltd ၏ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုးနှင့် ဖိနပ်အစိတ် အပိုင်းအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းသို့ ကြည့်ရှုအားပေးရာ ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သူနှင့် မန်နေဂျာများက စက်ရုံကို ၂၀၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ချိန်မှစ၍  လုပ်ငန်းဆောင်ရွက်နေမှု၊ အားကစားဖိနပ် မျိုးစုံကို တစ်နှစ်လျှင် ဖိနပ်အရံ  ၅ သန်းကျော် ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နေမှု၊ စက်ရုံတွင် လုပ်သားအင်အား ၇၀၀၀ အထိ တိုးချဲ့ခန့်အပ်၍ လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နေမှု ၊ စက်ရုံလုပ်သားများ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးနေသည့် အစီအစဉ်များ၊ အလုပ်သမားရေးရာ ဆိုင်ရာကိစ္စများ၊ ကုန်ကြမ်းပစ္စည်းများ တင်သွင်းရာတွင်   တွေ့ကြုံနေ ရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊  လုပ်သားတစ်ဦးချင်းကျွမ်းကျင်မှု မြှင့်တင်နိုင်‌ရေးနှင့်  အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးဖော်ဆောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပေါ်ပေါက်နေသော အခက်အခဲများအပေါ် ဆက်လက်ညှိနှိုင်းဆောင် ရွက်ပေးမည့် အစီအစဉ်များ ကိုလည်းကောင်း  ဆွေးနွေးခဲ့ပြီး စက်ရုံအတွင်း လုပ်ငန်း‌ဆောင်ရွက်နေမှုများနှင့် လုပ်သားများ စားသောက်ရေးနှင့် သက်သာချောင်ချိရေးဆိုင်ရာကိစ္စများ ဆောင်ရွက်ထားရှိမှု ခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးသည်။

(သတင်းစဉ်)