ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် ကော့သောင်းခရိုင်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

နေပြည်တော် မေ ၉

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အတူယမန်နေ့မွန်း လွဲပိုင်းတွင်ကော့ သောင်းမြို့သို့ ရောက်ရှိပြီး “Victoria Cliff Hotel & Resort” တွင် ကော့သောင်း ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိက အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကော့သောင်းခရီးစဉ်ဒေသတွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ပင်လယ်ပြင်အတွင်းမှ သာယာလှပသည့် ကျွန်းများ၊ ကမ်းခြေများ ရေပေါ်ရေအောက်ရှိ သယံဇာတများအပြင် အခြားသော သဘာဝ အရင်းအမြစ်များ များစွာတည်ရှိနေပါကြောင်း၊  ယင်းကဲ့သို့ ဆွဲဆောင်မှုရှိသည့် အခြေအနေ များကို အသုံးချပြီး ပြည်တွင်းခရီးသွားလုပ်ငန်းအပြင် ပြည်ပခရီးသွားလုပ်ငန်းပါ ပိုမိုဖွံ့ဖြိုး တိုးတက်လာအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နီးကပ်စွာ တည်ရှိနေသည့် နယ်စပ်ဒေသတစ်ခုဖြစ်သည်နှင့်အညီ ထိုင်းနိုင်ငံ ဘက်ခြမ်းမှ ပတ္တရား၊ ဖူးခက်ဒေသများကို လာရောက်နေကြသည့် ရုရှားခရီးသွားဧည့် သည်များကို စိတ်ဝင်စားလည်ပတ် လာစေရန်ဆွဲဆောင်ပြီး ရုရှားခရီးသွားလုပ် ငန်းဈေး ကွက်တစ်ခု ဖြစ်ပေါ်လာအောင်ဆောင်ရွက်ရန် စဉ်းစားသင့်ပါကြောင်း၊ ဝန်ကြီးဌာနအနေ ဖြင့်လည်း ခရီးသွားလုပ်ငန်းနှင့် ဆက်နွှယ်လုပ်ကိုင်နေကြ သည့် ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ၏ လုပ်ငန်းများ ဆောင်ရွက်မှုအပိုင်းတွင် အဆင်ပြေမှုရှိစေရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က ကော့သောင်းခရီးစဉ်ဒေသအနေဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်နိုင်ပြီး လေကြောင်း၊ ရေကြောင်း တို့မှတစ်ဆင့် လာရောက်လည်ပတ်ရန် လွယ်ကူအဆင်ပြေစေရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအပြင် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများနှင့်ပါ ပူးပေါင်းဆောင် ရွက်သွားမည့် အခြေအနေများကို ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာ များမှတာဝန်ရှိသူများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များက ဒေသတွင်း ခရီးသွားလုပ် ငန်းကဏ္ဍ စနစ်တကျဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်စေရေးအတွက် ရှေ့ဆက် ဆောင်ရွက်သင့်သည့် လုပ်ငန်းအစီအစဉ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြားပြီး ပြည်ထောင်စုဝန်ကြီးက ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦး စီးဌာန၊ ကော့သောင်းရုံးခွဲသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များမှာ ခဲ့ကြောင်းသိရသည်။

သတင်းစဉ်