ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် မြန်မာ-ရုရှား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

နေပြည်တော် မေ ၄

မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ ရုရှားခရီးသွားဧည့်သည်များ ပိုမိုသိရှိလာရောက်လည် ပတ်စေရေးနှင့် ရုရှားခရီးသွားဈေးကွက်တွင်မြှင့်တင်နိုင် ရန်ရည်ရွယ်ချက်ဖြင့် မြန်မာ-ရုရှား ခရီးသွား လုပ်ငန်းမြှင့်တင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန် ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံခရီး သွားလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဌ နှင့် ဒုဥက္ကဌများ၊ Myanmar Airways International (MAI) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ-ရုရှားချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်များ၊ Royal Su Latt Thakhin ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ရုရှားနိုင်ငံမှ ခရီးသွား အေဂျင်စီများ၊ သတင်းမီဒီယာများနှင့် ခရီးသွားဝါသနာရှင်များပါဝင်သောအဖွဲ့အတွက် ရင်းနှီးကျွမ်း ဝင်သည့်ခရီးစဉ် (Familiarization Trip-FAM)ကို စီစဉ်နိုင်ရန် အစိုးရ၊ ပုဂ္ဂလိကပါဝင်သော လုပ်ငန်းအဖွဲ့ဖွဲ့၍ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ထို့ပြင် ဝန်ကြီးဌာနက ရုရှားခရီးသွားများ လွယ်ကူချောမွေ့ စွာဝင်ရောက်နိုင်ရေးအတွက် လေကြောင်းလိုင်းကိစ္စ၊ ငွေကြေးသုံးစွဲမှုကိစ္စရပ်နှင့် လိုအပ်သည်များကို ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများပူးပေါင်း၍ ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သောလုပ်ငန်းများ၏ ထိခိုက်ခံစားရမှုများကို ပုဂံကဲသို့ ထင်ရှားသော ခရီးစဉ်ဒေသများ၌ ပိုမိုသိသာစွာ တွေ့ရှိရကြောင်း၊ ထိခိုက်မှုများကုစားနိုင်ရေးအတွက် ဝန်ကြီးဌာနက ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြည်ပခရီးသွားပိုမိုဝင်ရောက်လာရေးတို့ကို ဟန်ချက်ညီစွာ အကောင်အထည်ဖော်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများ မြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော်နိုင် ရန် အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင် ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့ များ၊ လေကြောင်းလိုင်းနှင့် လုပ်ငန်းရှင်များက ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ ပိုမိုဝင်ရောက် လာရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်