ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် ရုရှား- မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ Vice President နှင့် အဖွဲ့အားတွေ့ဆုံ

နေပြည်တော် ဇွန် ၃၀

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ရုရှား- မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ Vice President ဖြစ်သူ Mr. Solonetsky Vitaly နှင့် Secretariat ဖြစ်သူ Mr. Seferov Rusher ၊ Aquarius သတင်း အချက်အလက်နည်းပညာကုမ္ပဏီ၊ ရုရှားနိုင်ငံအခြေစိုက် CMR Bank နှင့် Food Line Trading ကုမ္ပဏီတို့မှ တာဝန်ရှိသူများအား ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်း ဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေ၊ ရုရှား- မြန်မာ ခရီးသွားလုပ်ငန်းပူးပေါင်း  ဆောင်ရွက်မှုအခြေအနေ၊ ရုရှားနိုင်ငံမှ ခရီးသွား အေဂျင်စီများ၊ သတင်းမီဒီယာများနှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ ပါဝင်သော ရင်းနှီးကျွမ်းဝင်သည့် ခရီးစဉ် (Familiarization Trip-FAM) ဆောင်ရွက်နေမှုအခြေအနေ၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ ကုန်သွယ်ရေးလုပ်ငန်းများ၊ ငွေကြေးလဲလှယ်မှု၊ ငွေပေးချေမှုနှင့် ဘဏ်လုပ်ငန်းများစသည့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြကြောင်း သိရှိရသည်။ (သတင်းစဉ်)