ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် ရုရှားခရီးသွား ဧည့်သည်များအတွက် အလားအလာရှိသော ခရီးစဉ်ဒေသအသစ်များ ရှာဖွေခြင်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲသို့  အွန်လိုင်းမှ တက်ရောက်

 

နေပြည်တော် ဇွန် ၂၆

 

ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ခရီးသွားများလာရောက်လည်ပတ်မှုတိုးမြှင့်လာရေး၊ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍအလားအလာများကို ရုရှားခရီးသွားအော်ပရေတာများနှင့် ခရီးသွားများသို့ မိတ်ဆက်ပြသ နိုင်ရေး၊ ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အတွေ့အကြုံများမျှဝေရေးနှင့် ရုရှားခရီးသွားများကို ဆွဲဆောင်နိုင်ရေးတို့အတွက် ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနက ဦးဆောင်၍ ရုရှားခရီးသွားဧည့်သည်များအတွက် အလားအလာရှိသော ခရီးစဉ်ဒေသအသစ်များ ရှာဖွေခြင်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် အွန်လိုင်းမှ တက်ရောက်သည်။

 

အဆိုပါဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အရာရှိကြီးများ၊ ရုရှားဖက် ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် နှစ်နိုင်ငံရှိ ဟိုတယ်နှင့်ခရီးသွား အသင်းအဖွဲ့များ၊ RC- investments တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ- ရုရှားချစ်ကြည်ရေးအသင်း ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) နှင့် အူရယ်လ်လေကြောင်းလိုင်းမှ (URAL Airline) မှ တာဝန်ရှိပုဂ္ဂိုလ်များ ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီး မစ္စတာ မက်ဇင်ရီရှတ်လ်နီကော့ဗ်က ဗီဒီယိုမက်ဆေ့ချ်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။

 

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ဖိတ်ခေါ်ရန် “Welcome Russia” program in Myanmar အစီအစဉ်ကို ဆက်စပ်ဝန်ကြီး ဌာနများ၊ မြန်မာ-ရုရှားချစ်ကြည်ရေးအသင်းနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များဖြင့် အကောင်အထည်‌ဖော်လျက်ရှိကြောင်း၊ ရုရှားနိုင်ငံမှ ခရီးသွားအေဂျင်စီများ၊ သတင်းမီဒီယာများနှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများပါဝင်သော ရင်းနှီးကျွမ်းဝင်သည့်ခရီးစဉ် (Familiarization Trip-FAM )ကို စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း။

 

နိုင်ငံတကာခရီးသွား ဧည့်သည်ရောက်ရှိမှုအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ၀ ဒသမ ၂၃၃ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ရုရှားခရီးသွားဧည့်သည် များလည်း ပါဝင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် မေလအထိ ဝင်ရောက်မှုအနေဖြင့် (၄)သိန်းကျော်ရှိနေပြီး တရုတ်၊ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ အမေရိကန်၊ မလေးရှားနှင့် စင်္ကာပူတို့မှ အများဆုံး ဝင်ရောက်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အလျင်အမြန် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးမဟာဗျူဟာကို ပြည်တွင်းခရီးသွားလုပ်ငန်းနှင့် နိုင်ငံတကာခရီးသွား လုပ်ငန်းဟူ၍ အပိုင်း (၂) ပိုင်း၊ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပုဂ္ဂလိကကဏ္ဍဟူသော အဆင့် (၃) ဆင့်ဖြင့် အကောင်အထည်ဖော်လျက်ရှိကြောင်း ပြောကြား သည်။

 

ဆက်လက်၍ ရုရှားဘာသာဖြင့်ဖော်ပြထားသော မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ အကြောင်းပါဝင်သော ဗီဒီယိုဖိုင်ကိုပြသပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်နှင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း၏ဥက္ကဋ္ဌတို့က ခရီးသွားလုပ်ငန်းကဏ္ဍတွင်ရင်းနှီးမြှုပ် နှံမှုဆိုင်ရာအခွင့် အလမ်းများနှင့် ခရီးစဉ်ဒေသများအကြောင်း၊ tour package အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် မြန်မာ-ရုရှားချစ်ကြည်ရေးအသင်းမှ တွဲဖက်အတွင်း ရေးမှူးက “Welcome Russia” program in Myanmar အစီအစဉ်ကို ရှင်းလင်းတင်ပြပြီး နှစ်နိုင်ငံမှ တက်ရောက်လာကြသူများက လေကြောင်းလိုင်းပြေးဆွဲရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကိစ္စ ရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)