ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး တတိယအကြိမ်မြောက် ဘင်းမ်စတက် စွမ်းအင်ဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်

နေပြည်တော်  ဧပြီ  ၂၀

 

တတိယအကြိမ်မြောက် ဘင်းမ်စတက်စွမ်းအင်ဝန်ကြီးများအစည်းအဝေး(Third BIMSTEC Energy Minister's Meeting) ကို ယနေ့တွင် နီပေါနိုင်ငံက အိမ်ရှင်အဖြစ် ကြီးမှူးကျင်းပခဲ့ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်သန်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့မှ Virtual စနစ်ဖြင့် တက်ရောက်သည်။

 

အဆိုပါအစည်းအဝေးကို နီပေါနိုင်ငံ စွမ်းအင်၊ ရေအရင်းအမြစ်နှင့် ဆည်မြောင်းဝန်ကြီး ဌာနဝန်ကြီး H.E. Ms. Phampha Bhusal က ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံတို့မှ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာဝန်ကြီးများက မိမိတို့နိုင်ငံအလိုက် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ လျှပ်စစ်ဓာတ်အား စနစ် ချိတ်ဆက်မှုလုပ်ငန်းဆိုင်ရာ Master Plan ရေးဆွဲရေး လေ့လာဆောင်ရွက်နေမှုလုပ်ငန်းများ၊ BIMSTEC Energy Center ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် သဘာဝဓာတ်ငွေ့နှင့် ဓာတ်အားရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး တတိယ၊ စတုတ္ထနှင့် ပဉ္စမအကြိမ် ဘင်းမ်စတက်စွမ်းအင် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ဆုံးဖြတ်ချက်များကို အတည်ပြုခြင်း၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာဝန်ကြီးများအကြား ပူးတွဲ ကြေငြာချက် ထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ယခုကျင်းပပြုလုပ်သည့် အစည်းအဝေးမတိုင်မီ ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက် စွမ်းအင်အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ဧပြီ ၁၉ ရက်က ကျင်းပခဲ့ပြီး ယင်းအစည်း အဝေးသို့ လျှပ်စစ်စွမ်းအား စီမံရေးဦးစီးဌာနနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံရေးဦးစီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ခဲ့ကြသည်။

 

ယနေ့အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်စင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး (၄) ကြိမ်မြောက် ဘင်းမ်စတက် စွမ်းအင်ဝန်ကြီးများ အစည်းအဝေးကို ၂၀၂၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)