ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်  ထိုင်းနိုင်ငံတွင်ကျင်းပသည့် တိုင်းရင်းသားရေးရာမူဝါဒနှင့် ယဉ်ကျေးမှုဖလှယ်ရေး ဆွေးနွေးပွဲသို့ တက်ရောက်

ဘန်ကောက်      ဇန်နဝါရီ  ၁၉
    
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၀)ဖြင့် တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အရ တိုင်းရင်းသားရေးရာ မူဝါဒနှင့် ယဉ်ကျေးမှုဖလှယ်ရေး ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း၌ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Ambassador Hotel တွင် ကျင်းပသည်။

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ တနင်္သာရီ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ ဝန်ကြီးဌာနမှ ကိုယ်စား လှယ်များနှင့် ထိုင်းနိုင်ငံ၊ လူမှုဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်းဒေသတွင်း နိုင်ငံများ၏ သံရုံးများမှတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံအမတ်ကြီး ဦးချစ်ဆွေ၊ သံရုံးတာဝန်ခံများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ထိုင်းနိုင်ငံ၊ လူမှုဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ အကြီးအကဲ Mr.Anan Dontree က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်း အတွင်းဝန်                 Ms. Phantipha Iamsudha Ekarohit က အမှာစကားပြောကြားသည်။ 
    
ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု (၂၀၂၀)ဖြင့် ဆောင်ရွက်သည့် ယခု အစီအစဉ်သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုများ နှင့် ချမှတ်ထားသည့် မူဝါဒများကို အပြန်အလှန် မျှဝေ လေ့လာဖလှယ်နိုင်ရေးကို ရည်ရွယ်ပါ ကြောင်း၊ ယခုဆွေးနွေးပွဲတွင် နှစ်နိုင်ငံတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အနာဂတ်တွင် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းလောင်ဟွမ်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စီမံချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ဂုဏ်ပြုအမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြပြီး ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကာ နံနက်ပိုင်း ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 

ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ  တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး ဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇော်ထွန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ ထိုင်းနိုင်ငံ၊ လူမှုဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဝန်ကြီးဌာနမှ အကြီးအကဲ Mr. Mak Srikhao က The Concept of Highland People Development ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဦးက တိုင်းရင်းသား ရေးရာမူဝါဒနှင့် အခွင့်အရေးများအကြောင်းကိုလည်းကောင်း၊ ထိုင်းနိုင်ငံ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများနှင့် နေရပ်စွန့်ခွာသူများဆိုင်ရာ မူဝါဒ ပေါင်းစပ် ညှိနှိုင်းရေးမှူး Ms. Monhathai Rattananupong နှင့် ထိုင်းလူမျိုးမဟုတ်သူများ မှတ်ပုံတင်ရေး ဆိုင်ရာ အုပ်ချုပ်ရေးအရာရှိ Mr. Woraphong Janmanajarean တို့က ဌာန၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ချက်များကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးချုပ်၊ ဦးဝင်းနိုင်က မြန်မာနိုင်ငံ ရှိ တိုင်းရင်းသားလူမျိုးစုများ၏ ယဉ်ကျေးမှု ပွဲတော်များအကြောင်းကိုလည်းကောင်း၊ ထိုင်းနိုင်ငံ၊ တရားရေးရာဝန်ကြီးဌာနမှ တရား‌ရေး အရာရှိ Ms. Siriorn Aromdee Justice Officer, Practioner Level, Rights and Liberties Protection Department က Promoting access to Justice towards Ethnic Groups in Thailand ကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်၊ ဦးမင်းသူရအောင်က မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုများအကြောင်းကိုလည်းကောင်း၊ ထိုင်းနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာနမှ Mr. Apinan Thammmasena က တိုင်းရင်းသားများ၏ အသက်မွေးဝမ်း ကျောင်းမှု ကာကွယ်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် စပ်လျဉ်း၍  ရှင်းလင်း တင်ပြကြသည်။ 

ထို့နောက် နှစ်နိုင်ငံ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင် စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားသည်။

(သတင်းစဉ်)