ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၂၀၂၄ ခုနှစ် “ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့” အခမ်းအနားနှင့် အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်

နေပြည်တော်၊ ဇွန် ၁၇

၂၀၂၄ ခုနှစ် ဇွန် ၁၇ ရက်တွင်ကျရောက်သော “ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ သင်ကြားရေးဆေးရုံဝင်းအတွင်း၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က မ‌ကွေးဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် သင်ကြားရေးဆေးရုံ ဆေးရုံအုပ်ကြီးထံ ပျိုးပင်များပေးအပ်ပြီး သတ်မှတ်နေရာများတွင် တမာပင်များကို စိုက်ပျိုးပေးကြပြီး တက်ရောက်လာသူများက တမာနှင့်ခရေပျိုးပင် ၇၅၀ ကို သတ်မှတ်နေရာများ၌ လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် “ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့”အခမ်းအနားသို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်‌ထောင်စုဝန်ကြီးက လက်ရှိရင်ဆိုင်နေရသော ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲအကျိုးဆက်များကို တုံ့ပြန်ဖြေရှင်းနိုင်ရန် အကောင်းဆုံးနည်းလမ်းသည် သဘာဝကို အခြေခံသော နည်းလမ်းတစ်ခုဖြစ်သည့် သစ်ပင်စိုက်ပျိုးခြင်းသာဖြစ်ကြောင်း၊ အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်း စိမ်းလန်းစိုပြည်လာစေရေးအတွက် စိုက်ခင်းများတည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းခြင်း၊ တစ်ရွာ ၂ ဧကစိုက်ခင်းများ တည်ထောင်ခြင်း၊ လမ်းဘေးဝဲ၊ ယာ သစ်ပင်များ စိုက်ပျိုးခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်မိုးရာသီတွင် သစ်ပင်ပေါင်း ၇ သန်းကျော် စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း၊ အပူပိုင်းဒေသ ပြန်လည်စိမ်းလန်းစိုပြည်လာစေရေးအတွက် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်သည့်အတွက် အားလုံး ဝိုင်းဝန်းပါဝင်ပေးရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိမ်းလန်းစိုပြည်၍ သန့်ရှင်းသောပတ်ဝန်းကျင်၊ ကောင်းမွန်သောရာသီဥတုကို မိမိတို့၏သားစဉ်မြေးဆက် လက်ဆင့်ကမ်းအမွေပေးနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြရန် မှာကြားသည်။

ထို့နောက် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့သဲကန္တာရ ဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့ဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အထိမ်းအမှတ်နေ့ ဆောင်းပါးပြိုင်ပွဲတွင် တက္ကသိုလ်အဆင့် ဆုရရှိသူများ၊ စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့် ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်၍ ပြသထားသော အထိမ်းအမှတ် ပိုစတာများကို လှည့်လည်ကြည့်ရှုကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းဘေး ဝဲ၊ ယာ မန်ကျည်း၊ တမာ၊ ပိတောက်၊ ကုက္ကို၊ ယူကလစ်၊ ဖျောက်ဆိပ် တစ်အုပ်တစ်မစိုက်ခင်းများ၌ အပင် ၁၂,၂၀၀ စိုက်ပျိုးထားမှု၊ စိုက်ပျိုးရန် မြေပြုပြင် ဆောင်ရွက်ထားရှိမှုနှင့် ညောင်ဦးမြို့နယ်ရှိ မြကန်စိမ်းလန်းသာယာလှပရေးနှင့် မြကန်၏ရေဝေရေလဲ ဖြစ်သော တုရင်တောင် စိမ်းလန်းစိုပြည်ရေးအတွက် တုရင်တောင်တွင် ကွန်တိုအလိုက်မြေကျင်းတူး၊ မြေပြုပြင် စိုက်ပျိုးဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်