နေပြည်တော် မတ် ၂၁
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် သစ်ပင်၊ သစ်တောနှင့်ဂေဟစနစ်မျိုးစုံ၏အရေးပါမှုကို ပိုမိုသိရှိနားလည်ပြီး သစ်တော ထိန်းသိမ်းရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နှစ်စဉ် မတ် ၂၁ ရက်နေ့ကို အပြည်ပြည် ဆိုင်ရာသစ်တောများနေ့ “International Day of Forest” အဖြစ် ၂၀၁၂ ခုနှစ်တွင် စတင်သတ်မှတ် ပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဆောင်ပုဒ်မှာ “Forest and Food - သစ်တောများနှင့်စားရေရိက္ခာများ” ဖြစ်ကြောင်း။
ယနေ့ ကမ္ဘာနှင့်တစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါဖြစ်ပွားမှု၊ ပဋိပက္ခများနှင့် သဘာဝဘေးအန္တရယ်ကျရောက်မှုများကြောင့် စားရေရိက္ခာ ထုတ်လုပ်မှုကျဆင်းလာပြီး ကမ္ဘာပေါ်ရှိ လူဦးရေ ၇၃၃ သန်းခန့် ငတ်မွတ်မှုနှင့်ရင်ဆိုင်နေရပြီး လူဦးရေ ၈၁၅ သန်းခန့် အာဟာရချို့တဲ့ လျက်ရှိကြောင်း ကုလသမဂ္ဂစားရေရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ FAO က ထုတ်ပြန်ထားပြီး ကမ္ဘာ့စားရေရိက္ခာ ဖူလုံစေရေးအတွက် သစ်တောဂေဟစနစ်များ မြှင့်တင်ထိန်းသိမ်းပေးရန် နှိုးဆော်လျက်ရှိကြောင်း၊ စားရေရိက္ခာရရှိမှုနှင့် ထုတ်လုပ်မှုနည်းလမ်းများသည် တည်ငြိမ်သောဂေဟစနစ်နှင့် ကောင်းမွန်မျှတ သောရာသီဥတုရှိမှသာ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် ဂေဟစနစ်အားလုံး၏ ဗဟိုချက်ဖြစ်သော သစ်တောဂေဟစနစ်များကို ကမ္ဘာ့နိုင်ငံများက ပိုမိုအလေးပေး ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊နိုင်ငံ၏ သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်စေပြီး ရာသီဥတုမျှတစေရေးအတွက် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်စေရေးအတွက် တစ်အုပ်တစ်မစိုက်ခင်းများ စိုက်ပျိုးခြင်း၊ ထင်းလောင်စာလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်း များကို ဆောင်ရွက်လျက်ရှိသည့်အပြင် အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည် စေရေးအတွက် တစ်ရွာ ၂ ဧက ဘက်စုံသုံးစိုက်ခင်းများ တည်ထောင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်ပင်သစ်တောများ သည် လူသားများနှင့် ပတ်ဝန်းကျင်အတွက် မရှိမဖြစ်အရေးပါသည့်အတွက် လူတိုင်းက သစ်တောများ၏ အရေးပါမှုနှင့် တန်ဖိုးကိုသိရှိနားလည်ပြီး မြန်မာနိုင်ငံရှိ သစ်တောများ ထာဝစဉ်တည်တံ့စေရေး ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာသောင်းနိုင်ဦးက အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ Keynote Presentation ကို ရှင်းလင်းတင်ပြပြီး အထိမ်းအမှတ် ဗွီဒီယိုအား ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခင်းကျင်းပြသထားသော အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် ပိုစတာများကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် သစ်တောများနှင့် စားရေရိက္ခာဖူလုံရေး၊ ဂေဟစနစ်နင့် ဇီဝမျိုးစုံမျိုးကွဲများ၊ ဆေးဖက်ဝင် အပင်များနှင့် သဘာဝသီးပင်စားပင်များ၊ ရေသယံဇာတနှင့် ဒီရေတောများ၊ ရေဝေရေလဲ သစ်တောများ၊ ကမ်းရိုးတန်းသယံဇာတ ထိန်းသိမ်းရေးများနှင့် စပ်လျဉ်း၍ စာတမ်းများ ဖတ်ကြားဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်