ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ကျောက်တန်းမြို့နယ်ရှိ ဒီရေတောကြိုးပြင် ကာကွယ်တောများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန် ၃၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်အတွင်း တိုးချဲ့ဖွဲ့စည်းထားသော ရွှေပြည်အေးချမ်းဘို့ ဒီရေတော ကြိုးပြင်ကာကွယ်တောကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွဲ့စည်းထားသော ဒီရေတော ကြိုးပြင်ကာကွယ်တောများ၊ ဆက်လက်တိုးချဲ့ဖွဲ့စည်းရန် ရည်ရွယ်ထားသော အဆိုပြုကြိုးပြင်ကာကွယ်တောများနှင့် စိုက်ပျိုးတည်ထောင်လျက်ရှိသော ဒီရေတော စိုက်ခင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ဒီရေတောဧရိယာ ၁ ဒသမ ၁ သန်းကျော်ရှိပြီး ကမ္ဘာပေါ်တွင် သတ္တမမြောက်၊ အရှေ့တောင်အာရှတွင် တတိယမြောက် ဒီရေတောအများဆုံး ပိုင်ဆိုင်သောနိုင်ငံ ဖြစ်ကြောင်း၊ ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်လျက်ရှိသော ကမ်းရိုးတန်းဒေသများတွင် သဘာဝ ဒီရေတောများ ထိန်းသိမ်းရေးနှင့် ဒီရေတောစိုက်ခင်းများ တည်ထောင်ရေးသည် လွန်စွာအရေးကြီးကြောင်း၊ ဒီရေတောများသည် ပင်လယ်ပြင်မှ ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များကို တံတိုင်းသဖွယ် ကာကွယ်ပေးနိုင်သည့်အပြင် လယ်ယာ မြေများအတွင်း ပင်လယ်ဆားငန်ရေ ဝင်ရောက်မှုကိုလည်း တားဆီးပေးသည့်အတွက် သီးနှံများပျက်စီးဆုံးရှုံးမှု အန္တရာယ်ကို ကာကွယ်ပေးနိုင်ပါကြောင်း၊ ဒီရေတောများသည် ငါး၊ ပုစွန်နှင့် အခြားသော ရေနေသတ္တဝါများ ရှင်သန်ပေါက်ဖွားရာ အရင်းအမြစ်ဖြစ်သဖြင့် ဒေသခံပြည်သူများအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ကြောင်း၊ ဒီရေတော ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့ပြင်ဒီရေတောများ၏ အရေးပါပုံနှင့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများ သိရှိရန်နှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်လာစေရန် အသိပညာပေး ဟောပြောပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။

သစ်တောဦးစီးဌာန အနေဖြင့် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ သဘာဝဘေး အန္တရာယ် ကျရောက်မှုမှ ကာကွယ်ပေးနိုင်ရန်၊ ဒီရေတောကို အမှီပြုနေသော ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း တစ်လျှောက် အစိမ်းရောင်တံတိုင်း - Green Belt အဖြစ် ဒီရေတော ကြိုးပြင်ကာကွယ်တော ၇ ခု၊ ၂၃၈၅၅ ဧက ဖွဲ့စည်းတည်ထောင်ထားပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဒီရေတော ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော ၄၄ ခု၊ ၇၁၇,၂၃၈ ဧက ဖွဲ့စည်ထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်