နေပြည်တော် ဧပြီ ၂၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ နေပြည်တော်ရုံးအမှတ် (၁၉)ဝင်းအတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော မြေသား လမ်းနှင့်မြေထိန်းနံရံအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် လယ်ဝေးမြို့နယ်ရှိ ခေတ်အေးသစ်ဆိပ် သို့ သွားရောက်၍ သစ်ဆိပ်အတွင်း သစ်မာသစ်လုံး တန် ၄၃၀၀ စုပုံထားမှု အခြေအနေနှင့် သစ်စက် များသို့ သစ်လုံးများတင်ပို့နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သစ်မျိုးအလိုက် သစ်ဆိပ်လက်ကျန် ကျန်ရှိမှု၊ သစ်စက်များသို့ ပို့ဆောင်ပြီးစီးမှု၊ ခွဲစိတ် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ပြည်ထောင်စုဝန်ကြီးက သစ်စက်များသို့ သစ်လုံးများပို့ဆောင်ရေး၊ သစ်စက်များတွင် သစ်ခွဲသားများ ခွဲစိတ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လိုအပ်ပါက သစ်ဆိပ်များတွင် သစ်ခွဲစက်များတည်ထောင်၍ ခွဲစိတ်ဆောင်ရွက်ရန်လိုကြောင်း၊ နေပြည်တော် ဧရိယာအပြင် အခြားတိုင်းဒေသကြီးများရှိ သစ်ဆိပ်များမှ သစ်လုံးများအား သစ်စက်များသို့ တင်ပို့ခွဲစိတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သစ်ဆိပ်များမှ သစ်လုံးများအား သယ်ယူ ပို့ဆောင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်ရှိ ဝန်ထမ်းမိသားစုများ ယာယီရွှေ့ပြောင်း ထားရှိသော နေရာများသို့သွားရောက်၍ ဝန်ထမ်းမိသားစုများအတွက် နေထိုင်စားသောက်ရေး စီစဉ် ဆောင်ရွက်ပေးထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်