ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့  စတုတ္ထအကြိမ်မြောက် ဟိမဝန္တာ တောင်တန်းများဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏ ကြိုဆိုမိတ်ဆက် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဇူလိုင် ၄

စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံ ရှီကျန်းဒေသ၌ ကျင်းပသည့် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံ များအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (4th China Xizang Trans-Himalaya Forum for International Cooperation) သို့ တက်ရောက်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၃ ရက်  မွန်းလွဲပိုင်းတွင် ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ညန်ချီမြို့နှင့် လူလန်မြို့သို့ရောက်ရှိရာ ညန်ချီမြို့ Chinese People’s Political Consultative Conference (CPPCC) ၏ Vice President  Mr. Zhu Zhenghui က  ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဖိုရမ်တက်ရောက်လာသော နိုင်ငံများမှ ကိုယ်စားလှယ် များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်များနှင့် ရေခဲမြစ်များကြား အမြင့်မီတာ ၃၇၀၀ တွင် ကျယ်ပြန့်စွာ တည်ရှိနေသော တိဗက်ရိုးရာ ကုန်းမြေမြင့် တောင်ပေါ် မြက်ခင်းနှင့် စားကျက်မြေများထိန်းသိမ်းထားရှိမှုကို လည်းကောင်း၊ ဒေသခံတိဗက်တိုင်းရင်းသား များ၏ လူနေမှုဘဝနှင့် ရိုးရာယဉ်ကျေးမှုများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများနှင့် ဒေသခံပြည်သူအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုများကို လည်းကောင်း  သွားရောက်ကြည့်ရှုလေ့လာသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လူလန်မြို့၌ကျင်းပသော ဖိုရမ်ကြိုဆိုမိတ်ဆက် ညစာ စားပွဲအခမ်းအနားသို့ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်သည်။

အခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရေးမှူး Mr. Wang Junzheng နှင့် Vice President  Mr. Zhu Zhenghui တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြပြီး တက်ရောက်လာသော နိုင်ငံများမှ ကိုယ်စားလှယ်များက ချစ်ကြည်ရင်းနှီးစွာ မိတ်ဆက် နှုတ်ဆက်ကြသည်။

ဇူလိုင် ၂ ရက်က ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လာဆာမြို့သို့ရောက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး Ms. Nie Xunli  က လာဆာဂွန်ဂါလေဆိပ်၌ လာရောက်ကြိုဆိုတွေ့ဆုံ ပြီး နှစ်နိုင်ငံအကြား သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာဆာမြို့ လေဟာပြင် ကဇာတ်ရုံသို့ သွားရောက်၍ တိဗက်ရိုးရာယဉ်ကျေးမှု  Princess Wencheng Opera ကို ကြည့်ရှုအားပေးခဲ့သည်။

သတင်းစဉ်