ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၁၆

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်ရှိလုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မိမိတို့ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်ကြီး(၃)ရပ်သည် နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားအတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်သကဲ့သို့ ပြည်သူကိုထိရောက်သည့် ဝန်ဆောင်မှုများပေးရသည့် လုပ်ငန်းများ ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများသည် အစဉ်အဆက်ဆောင်ရွက်နေသည့်လုပ်ငန်းများဖြစ်သော်လည်း ပိုမိုတိုးတက်ကောင်းမွန်ရေး၊ ပြည်သူကို ထိရောက်မြန်ဆန်သည့် ဝန်ဆောင်မှုများပေးနိုင်ရေး၊ ခေတ်နှင့်အညီ နည်းပညာ များဖြင့် တိုးချဲ့ဆောင်ရွက်နိုင်ရေးတို့အတွက် အဆင့်ဆင့်ကြိုးပမ်း ဆောင်ရွက်နေကြရသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများကို မြေပြင်၌လက်တွေ့ ဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများကိုယ်တိုင် သိရှိနားလည် သဘောပေါက်ထားကြရန် အရေးကြီးပါကြောင်း။

 

 

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် မဲမသမာမှုဖြစ်ပွားသည့် မဲဆန္ဒရှင် အရေအတွက်မှာ (၁၁ ဒသမ ၃) သန်း ကျော်ရှိကြောင်းကို ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံသားအားလုံး နိုင်ငံသားအသိအမှတ်ပြု ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်မဲပေးရန်မှာ မဖြစ်မနေ လိုအပ်ချက်ပင်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံးကိုင်ဆောင်သင့် သည့် ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်မဲပေးနိုင်ရန် မိမိတို့ဌာန၏ တာဝန်ပင်ဖြစ်သည့်အတွက် မိမိ တို့ဌာနက ပန်းခင်းစီမံချက်ရေးဆွဲ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယင်းစီမံချက်သည် နိုင်ငံတော်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ငန်းပမာဏအရေအတွက် ကန့်သတ်ချက်၊ ပြီးစီးအောင်ဆောင်ရွက်ရမည့် အချိန်ကန့်သတ်ချက်များ ရှိနေပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ မေ (၃) ရက်မှစတင်၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၃) ရက်အပြီး (၁၈)လကြာပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီး ဌာနတစ်ခုတည်း ဆောင်ရွက်၍မရနိုင်သကဲ့သို့ ဆက်စပ်ဌာနများအပြင် ပြည်သူများပူးပေါင်း ပါဝင်မှသာ ပြီးစီးအောင်မြင်မည့် စီမံချက်တစ်ခုဖြစ်ခြင်းကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် အစည်းအဝေးများတွင် မကြာခဏထည့်သွင်းမှာကြား နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် မူလဆောင်ရွက်နေသည့်လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်နေသကဲ့သို့ လက်ရှိ နိုင်ငံတော်အစိုးရတာဝန်ယူစဉ်ကာလအတွင်း ပန်းခင်းစီမံချက်လုပ်ငန်း၊ ၂၀၂၄ ခုနှစ်အတွက် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၊ နယ်စပ်ဝင်/ထွက်ဂိတ်များ စီမံခန့်ခွဲမှုစနစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း၊ e-ID စနစ် အကောင်အထည်ဖော်ခြင်းလုပ်ငန်းတို့ကို ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ဌာနလုပ်ငန်းများသည် နိုင်ငံနှင့် ပြည်သူအတွက် မဖြစ်မနေဆောင်ရွက်ရသည့် လုပ်ငန်းများ ဖြစ် သကဲ့သို့ ပြည်သူကို တိုက်ရိုက်ထိတွေ့ ဝန်ဆောင်မှုပေးရသည့်လုပ်ငန်းများ ဖြစ်ခြင်းကြောင့် ဝန်ထမ်းအားလုံး လူမှုဆက်ဆံရေးကောင်းမွန်ပြီး၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း နားလည်တတ်ကျွမ်းကြရန် အရေးကြီးပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက် လုပ်ဆောင်ရ မည့်လုပ်ငန်းများကို ဝန်ထမ်းအားလုံးအား ပြန်လည်ရှင်းလင်း ချပြကြရန်ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့ကျရာ တာဝန်ကို အားသွန်ခွန်စိုက်ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ကြမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ကောင်းမွန် သည့်အတွေ့အကြုံများကို ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးကြကာ အသိအမြင်ဖလှယ်၍လုပ်ငန်း တာဝန်များ ကို အကောင်းဆုံးအောင်မြင်စွာ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များက လက်ရှိလုပ်ငန်းဆောင်ရွက်မှုများနှင့် လုပ်ငန်းကဏ္ဍ အလိုက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများ၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကြိုတင်ဆောင်ရွက်ထားကြရမည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်က လုပ်ငန်းဆိုင်ရာ အားနည်းချက်၊ အားသာချက်များ၊ နယ်မြေဒေသအလိုက် တွန်းအားပေးလုပ်ဆောင်ရ မည့်အခြေအနေ၊ ရုံးချုပ်မှ ဖြည့်ဆည်းပေးနိုင်မှုကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက လုပ်ငန်းဆိုင်ရာဆောင်ရွက်ချက်များ၊ လုပ်ငန်းလိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြကြသည်။

 

ယင်းနောက် ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)