ပြည်ထောင်စုဝန်ကြီး ဦးကိုကို မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

 

 

နေပြည်တော်၊ မေ ၈

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်၊ ရုံးအမှတ် (၃၅) ရှိ လောကနတ်ခန်းမတွင် မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ် အပါအဝင် အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

 

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) နှင့် မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းအရုံးတို့ကို မိတ်ဖက်အဖွဲ့အစည်းများ အဖြစ်သတ်မှတ်၍ သက်ဆိုင်ရာအစည်းအရုံးတို့၏ လိုအပ်ချက်များကို အစဉ်တစိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသဘင် အစည်းအရုံးဝင်များ၏ ဘဝရပ်တည်မှုအတွက် လိုအပ်နိုင်သော ငွေကြေးထောက်ပံ့မှုများကို နိုင်ငံတော်၏ ချေးငွေအဖြစ် မြန်မာနိုင်ငံသဘင် အစည်းအရုံး၏ လုပ်ငန်း ၈၈၂ ခုအတွက် စုစုပေါင်း ၄ ဒသမ ၄၁၆၅ ဘီလီယံကို ကိုဗစ်ချေးငွေ ရန်ပုံငွေမှ ချေးငွေထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း။

 

ယခုအခါ ချေးငွေပြန်ဆပ်ရမည့် သက်တမ်း ကာလကိုလည်း သက်တမ်း ၁ နှစ် ထပ်မံတိုးမြှင့်ရန်အတွက် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီသို့ ညှိနှိုင်းတင်ပြထားပြီးဖြစ်ပါကြောင်း၊ ယနေ့တွေ့ဆုံပွဲ အခမ်းအနားသည် မြန်မာနိုင်ငံ သဘင်အစည်းအရုံး ဥက္ကဋ္ဌအပါအဝင် ဗဟိုကော်မတီ တာဝန်ရှိသူများအနေဖြင့် သဘင်အစည်းအရုံးမှ ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနက လုပ်ထုံး လုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက်၍ရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြော ကြားပေးရန် ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်နှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို) အနေဖြင့် သဘင်အနုပညာရှင်များ၏ အကျိုးကိုရှေးရှု၍ ဆောင်ရွက်လျက်ရှိသော  လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။

 

သတင်းစဉ်