ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် စွမ်းအင်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းကျောင်း ဖွင့်လှစ် မည့်နေရာ ကြည့်ရှုစစ်ဆေး


နေပြည်တော် ဇွန် ၂၉
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ စွမ်းအင်ရိပ်သာသို့ သွားရောက်၍ စွမ်းအင်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းကျောင်း ဖွင့်လှစ်နိုင်မည့်အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ဧည့်ရိပ်သာခန်းမ၌ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဧည့်ရိပ်သာတည်ဆောက်ထားမှု၊ မြေပိုင်ဆိုင်မှုနှင့် နှစ်အလိုက် ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေကို လည်းကောင်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးက ဧည့်ရိပ်သာပြုပြင်မွမ်းမံပြီး လေ့ကျင့်သင်ကြားရေးအသုံးစရိတ်များ (Training Expenditures)၊ သုတေသနနှင့် ဖွံ့ဖြိုးရေးရန်ပုံငွေများ (Research and Development Fund) ဖြင့် စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကျောင်းအဖြစ် ပြောင်းလဲဖွင့်လှစ်မည့်အခြေအနေ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍသည် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်ကြောင်း၊ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးတွင် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးစေရေးနှင့် သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်ရေးတို့သည် အရေးကြီးသည့်ကဏ္ဍတွင်ပါဝင်ကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ချက်လုပ်ခြင်း အခန်းကဏ္ဍ ၃ မျိုးလုံးတွင် ခေတ်မီနည်းပညာများကို အသုံးပြုနိုင်ရန် ကြိုးစားကြရမည်ဖြစ်သည့်အပြင် မိမိတို့ အခြေအနေနှင့်ကိုက်ညီသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းခွင်ကို ဖော်ဆောင်နိုင်ရန်အတွက် သုတေသနနှင့် ဖွံဖြိုးမှုလုပ်ငန်းများကို စိတ်ပါဝင်စားစွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယခုသင်တန်းကျောင်းကို နိုင်ငံတကာရှိ စွမ်းအင်သင်တန်းကျောင်းများ၏ စံချိန်စံညွှန်းများနှင့်အညီ ဖွင့်လှစ်သင်ကြားနိုင်အောင် စီမံဆောင်ရွက်လျက်ရှိပြီး ရေနံ ရှာဖွေတူးဖော် ထုတ်လုပ်ခြင်းနှင့် သက်ဆိုင်သည့် အင်ဂျင်နီယာနှင့် ဘူမိဗေဒဘာသာရပ်များ၊ ပိုက်လိုင်းကွန်ယက်များနှင့် စပ်လျဉ်းသည့် အင်ဂျင်နီယာဘာသာရပ်များ၊ ရေနံချက်လုပ်ခြင်း၊ ဓာတ်မြေဩဇာ ထုတ်လုပ်ခြင်းဆိုင်ရာ ဘာသာရပ်များ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍဆိုင်ရာ ဥပဒေပညာ၊ စီးပွားရေးပညာ၊ စီမံခန့်ခွဲမှုပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်