ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

နေပြည်တော်စက်တင်ဘာ၂၆

 

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နေ့ မွန်းလွဲပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စ၊ ကုန်းတွင်းနှင့်ကမ်းလွန် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော် ထုတ်လုပ်ရေးဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရေးကိစ၊ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခြင်းကဏ္ဍတွင် ရုရှားကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်နိုင်ရေးအတွက် နည်းပညာဆိုင်ရာပံ့ပိုးကူညီရေး ကိစ္စရပ် များ၊ (၆)ကြိမ်မြောက် ရုရှားစွမ်းအင်ဖိုရမ်သို့တက်ရောက်စဉ် ဆောင်ရွက်မည့်အစီအစဉ်များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးလုပ်ငန်းများ၊ Seimic လုပ်ငန်းများ၊ ရေနံချက်လုပ်ခြင်း လုပ်ငန်းများတွင် ရုရှားကုမ္ပဏီများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီး ကြပ်မှုအောက်ရှိ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

(သတင်းစဉ်)