ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများ ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစား ဆောင်ရွက်သွား ကြရန်လိုကြောင်း ပြောကြား

နေပြည်တော် စက်တင်ဘာ ၈

 

သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနများအနေဖြင့် ကျေးလက်လမ်း၊ တံတားများ၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများ ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်သွားကြ ရန်လိုကြောင်း ယနေ့မွန်းလွဲပိုင်းက အဆိုပါ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသော ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ဘဏ္ဍာရေးနှစ်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း (၆၃၈၈၉)ရွာတွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနအနေနှင့် ကျေးလက်လမ်းမိုင် အရှည်မိုင်(၃၅၈၉၀)  တာဝန်ယူတည်ဆောက် ထိန်းသိမ်းလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းမိုင်ပေါင်း (၁၈၆) မိုင်၊ တံတားအစင်းရေ (၁၄၀) ၊ တိုင်းဒေသကြီး/ပြည်နယ် ရန်ပုံငွေဖြင့် လမ်းမိုင်ပေါင်း (၉၀ဝ)၊ တံတားအစင်းရေ ပေါင်း(၈၈၃)စင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လမ်း၊ တံတားလုပ်ငန်း များအား အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းတို့ကို အရည်အသွေးပြည့်မီစွာဖြင့် မြန်မြန် ဆန်ဆန် တည်ဆောက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍကို များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေး နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးများက မိမိတို့ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်း တင်ပြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက ကျေးလက်လမ်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သည်များ သုံးသပ်ဆွေးနွေးတင်ပြသည်။

 

ထိုနောက် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးတင်ပြပြီး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက ကျေးလက်လမ်းဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်  သက်ဆိုင်ရာကဏ္ဍများအလိုက် ဦးစီးဌာနအချင်းချင်း ပေါင်းစပ်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကိုပေါင်းစပ်ညှိနိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)