ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လယ်ဝေးမြို့နယ် ရုံးတောကျေးရွာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မိုးစပါးစိုက်ပျိုးထားရှိမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၈

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာ၌ ဒေသဖွံ့ဖြိုးလုပ်ငန်းများ အကောင်အထည်ဖော်နေမှုနှင့် သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါး စိုက်ပျိုးထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးတောကျေးရွာ ယာယီရှင်းလင်းဆောင်၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက ရုံးတောကျေးရွာ ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများ ဆောင်ရွက်ခဲ့မှု၊ ဆိုလာစွမ်းအင်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးမည့် အစီအမံများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရေး မိုးသီးနှံအပြီးတွင် ဆောင်းသီးနှံနှင့် နွေသီးနှံများ စိုက်ပျိုးပြီး သီးထပ်(၃)သီး စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် အထွက်နှုန်းတိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်း၊ လက်ရှိစိုက်ပျိုးနေသော စပါးမျိုးများအပြင် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ လိုအပ်သည့် စိုက်ပျိုးနည်းစနစ်နှင့် စိုက်ပျိုးရေရရှိရေးကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ ကျေးရွာချင်း ဆက်လမ်း၊ ကုန်ထုတ်လမ်း၊ စိုက်ပျိုးရေရရှိရေးနှင့် နည်းပညာလိုအပ်မှု တင်ပြချက်များကို အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော လယ်ဝေးမြို့နယ် ရန်ကုန် - မန္တလေးလမ်းဟောင်းမှ ရုံးတောကျေးရွာအဝင်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လမ်းရေရှည် တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် မှာကြားပြီး  ရုံးတောကျေးရွာ သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)