ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မိတ္ထီလာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်၊ ဇွန် ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် မိတ္ထီလာမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမကြီးမှ အိုင့်-သနပ်အိုင့် ဆက်သွယ်သော ကျေးရွာချင်းဆက်လမ်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် မိတ္ထီလာမြို့နယ် မြင်းကန်ကျေးရွာအုပ်စု ဆည်ကုန်းကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြေသားရေကန် ပြုပြင်တူးဖော်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆည်ကုန်းကျေးရွာ၌ အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် တစ်လုံးထိုးအင်ဂျင်ပြင် သင်တန်းဆင်းပြီး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားသော သင်တန်းသားတစ်ဦး၏ တစ်လုံးထိုး အင်ဂျင် ပြုပြင်ရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အရင်းအနှီးများ ထောက်ပံ့ ပေးနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်မှ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာမြို့ရှိ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ သမဝါယမဝါစိုက်တောင်သူ အစုအဖွဲ့ (၁၀) ဖွဲ့မှ ဝါစိုက် တောင်သူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက ဝါစိုက်တောင်သူများအနေဖြင့် ဝါများ အထွက်တိုးရေး မျိုးကောင်း မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ လိုအပ်သည့် မျိုး ကောင်းမျိုးသန့်များ ရရှိရေး စိတ်တူကိုယ်တူ ဆန္ဒတူသူများဖြင့် သမဝါယမအသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါက စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေရရှိရေးနှင့် နည်းပညာ ရရှိရေးတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်သည့်အတွက် ဝါစိုက်တောင်သူများအနေဖြင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြစေလို ကြောင်းပြောကြားပြီး အသင်းသားတောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း၌ လက်ရက်ကန်း၊ စက်ရက်ကန်း သင်တန်းများ၊ ကာလတို၊ ကာလရှည်သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုနှင့် လက်မှုအနုပညာပြခန်း ဖွင့်လှစ်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းမှ သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ် ဖလံကျင်းကျေးရွာရှိ စိုပြေမွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း၏ နို့စားနွားမွေးမြူရေးလုပ်ငန်းနှင့် မွေရွာ ကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် ဆပ်ပြာဆီအမျိုးမျိုး နှင့် လူသုံးကုန် ထုတ်လုပ်မှုသင်တန်းဆင်းပြီး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားသော သင်တန်းသူတစ်ဦး၏ ဆပ်ပြာဆီအမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမ အသင်းစုအနေဖြင့် လိုအပ်သောအရင်းအနှီးများ ပံ့ပိုးဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်