ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်


နေပြည်တော် ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီးအတွင်း နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက်ရှိ PEP နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် ထွန်း နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း တောင်သူများ သမဝါယမနစ်ဖြင့် မွေးမြူနိုင်ရေးလိုအပ်သည့် မျိုးကောင်းမျိုးသန့်များ၊ အစာများရရှိရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထွက်ရှိလာသော ကုန်ကြမ်းများကို နို့ထွက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စက်ရုံအနေဖြင့် ဈေးနှုန်းသက်သာပြီး ကျန်းမာရေးနှင့်ညီညွတ်သော နို့ထွက်ပစ္စည်းများ ပြည်သူများစားသုံးနိုင်ရေး ဦးတည်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းမှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်မြို့ ရဲစုရပ်ကွက်ရှိ မြဘုရင် နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မိတ္ထီလာဒေသသည် နို့စားနွား မွေးမြူပြီး နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရင်းနှီးမြှုပ်နှံရန် သင့်တော်သည့်ဒေသဖြစ်ပြီး စီးပွားရေး၊ ကုန်သွယ်ရေးအတွက်လည်း အချက်အချာကျသော ဒေသဖြစ်ကြောင်း၊ လိုအပ်သော Feasibility Survey ပြုလုပ်ပြီးမွေးမြူခြင်း၊ ထုတ်လုပ်ခြင်းတို့ကို သမဝါယမစနစ်ဖြင့် လုပ်ငန်းရှင်များ၊ အသင်းသားတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး စီမံချက်ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ ကျီးတော်ကုန်းရပ်ကွက်ရှိ လုပ်ငန်းရှင် ဦးဝင်းညွန့်အောင်၏ နို့စိမ်းထုတ်လုပ်ရေးလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု အားပေးပြီး မွေးမြူရေးကဏ္ဍ ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်လာရေး၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ခြင်းအပြင် အေးခဲအသားထုတ်လုပ်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့နယ် စက်ပစ်တောင်ကျေးရွာရှိ စက်ပစ်တောင် နို့စားနွားမွေးမြူရေးသမဝါယမအသင်းသို့ သွားရောက်၍ နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး နို့နှင့် နို့ထွက်ပစ္စည်းများကို တန်ဖိုးမြှင့်စားသောက်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန်၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းစုအနေဖြင့် လိုအပ်သည့် အရင်းအနှီးများ ပံ့ပိုးဆောင်ရွက်ပေးသွားရန်၊ နို့စားနွားများ မွေးမြူရာတွင် မိရိုးဖလာစနစ်မွေးမြူခြင်းထက် စနစ်ကျနသည့် မွေးမြူခြင်းစနစ်ဖြင့် မွေးမြူကြရန်နှင့် လိုအပ်သည့် ကာကွယ်ဆေးများကို စနစ်တကျထိုးနှံကြရန် ဆွေးနွေးမှာကြားပြီး အသင်းသား တောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ နို့စားနွားများ မွေးမြူထားမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်