နေပြည်တော်၊ ဇွန် ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်သို့ ရောက်ရှိပြီး ကန် (၁၀၀) ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးကုန်ထုတ်သမဝါယမအသင်း၏ ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုဆေးရာ ကန် (၁၀၀) ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးကုန်ထုတ်သမဝါယမ အသင်းအမှုဆောင်များက အသင်း၏ရည်မှန်းချက်များ၊ ရေတင်ဧရိယာ (၃၄၈) ဧက၌ နှစ်စဉ်ငါးသားပေါက်များ ထုတ်လုပ်နိုင်မှု၊ အုပ်ချုပ်ရေးကန်နှင့် ထုတ်လုပ်ရေးကန်များတွင် ငါးမွေးမြူ ထုတ်လုပ်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ငါးမွေးမြူရေးကန်များအားလုံး နေရာအလွတ်များ မကျန်ရှိအောင် မွေးမြူသွားရန်နှင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်မှာကြားပြီး ငါးမွေးမြူထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် သမဝါယမအသင်းသား ဝါစိုက်တောင်သူများအား ဝါမျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး နိုင်ငံအတွင်းရှိ ပြည်သူများ အဝတ်အထည်များဖူလုံရေးအတွက် ဝါစိုက်ပျိုးထုတ်လုပ်မှုသည် အလွန်အရေးကြီးကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထွက်ရှိသောဝါမှာ နိုင်ငံအတွင်း ချည်လိုအပ်ချက် အတွက် ပြည့်မီသည်ကို တွေ့ရှိရသော်လည်း ချည်နှင့် အထည်များကို ပြည်ပမှ တင်သွင်းမှာယူနေရသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ထွက်ရှိသော ဝါဂွမ်းများကို ကုန်ကြမ်းအနေဖြင့်သာ ပြည်ပသို့ တင်ပို့ရောင်းချနေရကြောင်း၊ ထို့ကြောင့်ပြည်တွင်း၌ ချည်ဖြစ်သည်အထိ ထုတ်လုပ်ရန် အတွက်လိုအပ်သော နည်းပညာ၊ စက်ပစ္စည်း၊ အရင်းအနှီးများကို ပံ့ပိုးပေးပြီး Value Added အဖြစ် ချည်ဖြစ်သည်အထိ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သို့မှသာ ပြည်ပမှချည်တင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။
ဝါစိုက်တောင်သူများ အနေဖြင့် ဝါများအထွက်တိုးရေးအတွက် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများရရှိရေး စိတ်တူကိုယ်တူ ဆန္ဒတူသူများဖြင့် သမဝါယမ အသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါက တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ သမဝါယမ အသင်းရန်ပုံငွေ၊ သွင်းအားစု လုပ်ငန်းရှင်များနှင့် ပူးပေါင်းစီစဉ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဝါဆွတ်ခူးချိန်တွင်လည်း အရည်အသွေး၊ အမျိုးအစား Grade A,B,C အဆင့်ဆင့်ရှိသည့်အနက် သတ်မှတ်အရည်အသွေးနှင့် ပေါက်ဈေးနှုန်းကို တောင်သူကြီးများသိရှိအောင် တာဝန်ရှိသူအဆင့်ဆင့်မှ အသိပညာပေးရန်လိုအပ်ကြောင်း၊ စနစ်တကျဆွတ်ခူးထွက်ရှိလာသောဝါများ ဈေးကောင်းရရှိရေး၊ ဈေးကွက်သေချာစွာရရှိရေး အစိုးရနှင့် ပုဂ္ဂလိက ချည်စက်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တောင်သူအသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားကာ ဝါစိုက်တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်၊ ပေါက်ခေါင်း၊ ရွှေတောင်၊ သဲကုန်းမြို့နယ်တို့ရှိ သမဝါယမအသင်း ၁၈ သင်း၊ အသင်းသားဦးရေ ၈၄၁ ဦးတို့ ဝါစိုက်ဧက ၂၃၁၅ ဧကတွင် စိုက်ပျိုးရန်အတွက် India နိုင်ငံထုတ် RAKA ဝါမျိုးစေ့များနှင့် သွင်းအားစုဓါတ်မြေဩဇာများကို အသင်းသားတောင်သူများ လက်ဝယ်သို့ပေးအပ်ပြီး ရွှေဝါထွန်းကောက်စိုက်စက်များ ခင်းကျင်းပြသထားမှုနှင့် စွမ်းရည်သီးနှံမျိုးစုံ အရွယ်စုံသုံး တီကျစ်ရွက်ဖြန်းအားဆေးရည်နှင့် ဇီဝတီကျစ် မြေဩဇာများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရှိသည်။
သတင်းစဉ်