ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် ရုံးတောကျေးရွာ၌ စမ်းသပ်စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံနေကြာမျိုးများ ရိတ်သိမ်းနေမှု ကြည့်ရှုစ်စစ်ဆေး

နေပြည်တော် ဧပြီ  ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် ယနေ့ မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ လယ်ဝေး မြို့နယ် ရုံးတောကျေးရွာ၌ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ အသင်းပိုင်မြေ (၁၅)ဧကပေါ်တွင် စမ်းသပ်စိုက်ပျိုးခဲ့သည့် မြန်မာနေကြာမျိုးနှင့် ရုရှားနေကြာမျိုးများ ရိတ်သိမ်း နေမှုကို  ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လယ်ဝေးမြို့နယ်၊ မြွေရိုးကျောင်းစု ကျေးရွာအုပ်စု၊ ရုံးတောကျေးရွာသို့ရောက်ရှိပြီး ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းလီမိတက် အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် စမ်းသပ်စိုက်ပျိုးခဲ့သည့် မြန်မာနိုင်ငံမှ ရေဆင်းမျိုး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Norma ၊ Bravo ၊ Excellent စသည့် ဆီထွက်သီးနှံ နေကြာ မျိုးများ ရိတ်သိမ်းနေမှုကိုလည်းကောင်း၊ အဆိုပါ စိုက်ပျိုးမြေများပေါ်တွင် ထပ်မံစိုက်ပျိုးမည့် နွေစပါးမျိုးများ ပျိုးထောင်ထားရှိမှုနှင့် ထွန်ယက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စမ်းသပ်စိုက်ပျိုးခြင်းမှ ရရှိသည့် အဖြေများကို စနစ်တကျ မှတ်တမ်းတင်ထားရှိရန်လိုအပ်ကြောင်း၊ စမ်းသပ်စိုက်ပျိုးသည့် နေကြာမျိုး အလိုက် တစ်ဧက ကုန်ကျစရိတ်၊ တစ်ဧကအထွက်နှုန်း၊ တွက်ခြေကိုက်မှု ရှိ၊ မရှိ၊ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ပြီး ဆက်လက်စမ်းသပ်စိုက်ပျိုးသည့်အခါတွင် အားနည်းချက်များကို ပြုပြင်၍ ဆောင်ရွက်သွားရန်လိုအပ်ကြောင်းနှင့် နေကြာများ ရိတ်သိမ်းပြီးပါက နွေစပါးအချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေး ပျိုးထောင်ခြင်းနှင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်  ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းပိုင် စိုက်ပျိုးမြေ ဧက(၁၇၀) ကျော်တွင် ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့်Myanmar Uni-Semi ကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ပြီး ဒေသနှင့် ကိုက်ညီမည့် သီးနှံများစိုက်ပျိုးနိုင်ရေး စိုက်ပျိုးမြေများပြုပြင်ဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးမြေများ ပြုပြင်ပြီးပါက စိုက်ပျိုး ရေရရှိရေးနှင့် ဒေသနှင့်ကိုက်ညီသည့် ရာသီအလိုက်သီးနှံများ သီးထပ်(၃)သီးစိုက်ပျိုးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်