ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေအတွင်းရှိ ကျေးရွာများ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မိုးစပါးစိုက်ပျိုးထားရှိမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၆

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်နှင့် ညွှန်ကြားရေးမှူးချုပ်များသည် ယနေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ် ဇောင်ချမ်းကုန်း ကျေးရွာနှင့် လယ်ဝေးမြို့နယ် ကွေ့ကြီးကျေးရွာတို့၌ ဒေသဖွံ့ဖြိုးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ပျဉ်းမနားမြို့နယ်၊ ငကံကောင်းကျေးရွာအုပ်စု၊ ဇောင်ချမ်းကုန်းကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ကျေးရွာ၏ ရေမြေသဘာဝအခြေအနေအရ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းကို အခြေခံသည့် ကျေးရွာဖြစ်သည့်အတွက် ကျေးလက်နေတစ်မိသားစုချင်း၏ ဝင်ငွေတိုးပွားရေး မိုးသီးနှံအပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ သီးထပ်(၃)သီး စိုက်ပျိုးနိုင်ရေး နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ လိုအပ်သည့် စိုက်ပျိုးနည်းစနစ်၊ စိုက်ပျိုးရေ ရရှိရေးတို့အတွက် မိမိတို့ ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ပံ့ပိုး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များကို အမြန်ဆုံးတုန့်ပြန် ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ဇောင်ချမ်းကုန်း-ဝက်စုကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ၊ ဇောင်ချမ်းကုန်းကျေးရွာတွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာ ထည့်ဝင်ငွေကျပ် ၅၈ သိန်းကျော်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဘက်စုံသုံးခန်းမဆောင်ရွက်နေမှု၊ ကျေးရွာနေပြည်သူများက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သမဝါယမ အသင်းသားတောင်သူများ စိုက်ပျိုးထားသော မိုးစပါးများ စိုက်ပျိုးဖြစ်ထွန်း အောင်မြင် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ကွေ့ကြီးကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူ များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ရှင်းလင်းဆွေးနွေးပြီး လယ်ဝေးမြို့နယ်၊ ညိုပင်-ကွေ့ကြီး ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ တံတားများ ပြုပြင်ခြင်းနှင့် တံတားချဉ်းကပ်လမ်းများ ပြင်ဆင်ထိန်းသိမ်းခြင်း ဆောင်ရွက်ပြီးစီးမှု၊ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့အမြင့်တင်ရေစင် တည်ဆောက်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)