နေပြည်တော်၊ အောက်တိုဘာ ၂
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောမြို့ မြို့မပရိယတ္တိ စာသင်တိုက်သို့ ရောက်ရှိပြီး ကလောမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ အားပေးစကားပြောကြားကာ ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ကလောမြို့ပေါ် ရပ်ကွက်များအား ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တောင်ကြီးမြို့နယ် သံတဲကျေးရွာသို့ ရောက်ရှိကာ တောင်ကြီးမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံ၍ ဆီထွက်သီးနှံ စိုက်ပျိုးသူများအား နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိပြီး ထွက်ရှိလာသောသီးနှံများ ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် သမဝါယမချေးငွေများ၊ မြစိမ်းရောင် (နေကြာဆီထွက်သီးနှံ) စီမံကိန်းမှ ချေးငွေများ ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ ပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့် ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တောင်ကြီးမြို့နယ်အတွင်း နေကြာစိုက် သမဝါယမအသင်း (၅) သင်း၊ အသင်းသားတောင်သူ (၁၅၆) ဦးတို့၏ စိုက်ပျိုးမြေဧက (၁၇၀၀) အတွက် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးစေ့များ၊ သွင်းအားစု ဓါတ်မြေဩဇာများ၊ ရုရှား သဘာဝရွက်ဖြန်းဆေးရည်များကို အသင်းသားတောင်သူများထံလည်းကောင်း၊ ခေတ်မီစံပြ ကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တောင်ကြီးမြို့နယ်၊ မိုင်းသော် (အနောက်) ကျေးရွာအုပ်စု၊ ပန့်ပုန်းကျေးရွာအတွက် ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village) ရန်ပုံငွေကျပ်သိန်း (၄၀၀) နှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း စီမံကိန်း (RBF) ရန်ပုံငွေကျပ်သိန်း (၃၀၀) တို့ကို ကျေးရွာကော်မတီဝင်များထံလည်းကောင်း ပေးအပ်ကြသည်။
ဆက်လက်၍ ညောင်ရွှေမြို့ ရွှေရတုဆွမ်းစားကျောင်း၌ ရောက်ရှိနေသော ညောင်ရွှေမြို့နယ်အတွင်းမှ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးပြီး ဆန်၊ ဆီနှင့် စားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ရေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ ဆန်၊ ဆီနှင့် စားသောက်ကုန် ပစ္စည်းများကိုလည်းကောင်း၊ ဟိုပုံးမြို့နယ်အတွင်း စံဖူးကျေးရွာအပါအဝင် ကျေးရွာ (၁၆) ရွာ၌ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ကျေးရွာရေပေးရေးလုပ်ငန်းများ ပြန်လည်ပြုပြင် ဆောင်ရွက်ရန်အတွက် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း (၁၅၀) စီကို လည်းကောင်း ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ဟိုပုံးမြို့၌ ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အမျိုးသမီးများအတွက် ဝင်ငွေတိုးရေးဆောင်ရွက်မည့် လုပ်ငန်းအဖြစ် သင်တန်းသူ (၁၄) ဦးဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိသော အခြေခံစက်ချုပ်နည်းပညာသင်တန်းမှ သင်တန်းသူများ၊ ဒေသခံပြည်သူများနှင့် တွေဆုံပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားကာ ထူးချွန်သူသင်တန်းသူများကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


