နေပြည်တော် အောက်တိုဘာ ၃

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည်  ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်း(တောင်ကြီး)သို့ ရောက်ရှိပြီး သင်တန်းကျောင်းခန်းမ၌  ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းမှ ဝန်ထမ်းများ၊ သင်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အ သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး) မှ ဆရာ၊ ဆရာမများ၊ သင်တန်းသူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားကာ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းမှ ဝန်ထမ်းများ အတွက် ဆန်နှင့် ထောက်ပံ့ငွေများကို လည်းကောင်း၊ သင်တန်းကျောင်းမှ ထူးချွန်သူ ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများအတွက် ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊ သင်တန်း ကျောင်းများမှ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း ပေးအပ်သည်။

 

ထို့နောက် တောင်ကြီးမြို့ အေးသာယာရှိ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(တောင်ကြီး)၌ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနပိုင် တွင်းတူးစက်ကြီးဖြင့် စက်ရေတွင်းတူးဖော်နေမှု အခြေအနေများကို လည်းကောင်း ၊ကလောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ကျေးရွာငါးရွာ၊ အိမ်ခြေ ၁၂၁၃ အိမ်၊ လူဦးရေ ၅၅၈၈ ဦးနှင့် စိုက်ပျိုးမြေဧက ၁၃၀၀ ကျော်တို့ကို အကျိုးပြုပေးနိုင်မည့် ကလော မြို့နယ်၊ ဟဲဟိုး-ဘော်ဆိုင်းလမ်းမကြီးမှ တောင်မြေခြား-မြောက်မြေခြား ကျေးရွာဆက်သွယ်ထား သောလမ်း ကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျေးရွာယာယီရှင်း လင်းဆောင် ၌ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို ရှင်းလင်းမှာကြားသည်။

 

ထို့နောက် ကလောမြို့နယ်၊ တင်ကြီးကြပ်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်း လင်းဆောင်၌ ကျေးရွာ ရေပေးရေးကော်မတီဝင်များ၊ ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကလောမြို့နယ်အတွင်းရှိ ကျောက်ဆောင်ဘီလူးကျေးရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၃၀၀)နှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ်သိန်း(၁၅၀)ကို လည်းကောင်း၊ ညောင်ပင်သာ၊ သာယာစု၊ ကျောင်းနောက်၊ ကန်ထောင့် စသည့် ကျေးရွာလေးရွာအတွက် ကျေးရွာ တစ်ရွာလျှင် ငွေကျပ်သိန်း (၁၅၀)ကိုလည်းကောင်း ထောက်ပံ့ပေးအပ် ကြသည်။

 

ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာသို့ရောက်ရှိပြီး ကျေးရွာဘက်စုံ သုံးခန်းမ၌ ပင်းတယမြို့နယ် အတွင်းရှိ ဆီထွက်သီးနှံ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံ၍  ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌတို့က ပင်းတယမြို့နယ်အတွင်း နေကြာစိုက် သမဝါယမအသင်း (၁၀)သင်း၊ အသင်းသားတောင်သူ (၂၈၂)ဦးတို့၏ စိုက်ပျိုးမြေဧက (၁၆၀၀)အတွက် ရေဆင်းစပ်မျိုး-၁ နေကြာ မျိုးစေ့များ၊ သွင်းအားစု ဓါတ် မြေဩဇာများ၊ ရုရှားသဘာဝရွက်ဖြန်းဆေးရည်များကို အသင်းသား တောင်သူများထံသို့ လည်းကောင်း၊ ခေတ်မီစံပြကျေးရွာ အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပင်းတယမြို့နယ်၊ ပွေးလှကျေး ရွာ(ဟော်ကုန်း)နှင့် ရှောက်ပင်ကျေးရွာတို့အတွက် ကျေးရွာတစ်ရွာလျှင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ရန်ပုံငွေကျပ်သိန်း(၁၅၀)တို့ကို ကျေးရွာကော်မတီဝင်များထံ သို့လည်းကောင်း ပေးအပ်ကြသည်။

 

ယင်းနောက် ပင်းတယမြို့နယ်၊ တောင်ပေါ်ကြီး ကျေးရွာရှိ  "မြကျောက်" Natural Green Tea လက်ဖက်ခြောက် ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း  လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို  သွားရောက်ကြည့်ရှုအားပေးပြီး လုပ်ငန်းရှင်၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)