ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သာစည်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

mdn

နေပြည်တော်  ဒီဇင်ဘာ ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် ရဲဘော်(၂)ဆည်နှင့် ပျူတွင်းဆည် ပြုပြင်တူးဖော်ခြင်းနှင့် ရေပေးဝေ မြောင်းတူးဖော်ခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာနေ တောင်သူများ အနေဖြင့် ဆည်ရေနှင့်စိုက်ပျိုးနိုင်သည့် စိုက်ပျိုးမြေများတွင် အမှန်တကယ် စိုက်ပျိုးကြစေလို ကြောင်း၊ ကျေးရွာသမဝါယမအသင်းအဖွဲ့များစုဖွဲ့၍ ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးဦးစီး ဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနတို့မှလည်း လိုအပ်သည်များ နည်းပညာများ ကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း မှာကြားသည်။

အဆိုပါ ဆည်များနှင့် ရေပေးဝေမြောင်းများ တူးဖော်နိုင်ခြင်းကြောင့် ကြက်မောက်ကျေးရွာ အပါဝင် ကျေးရွာ (၅)ရွာရှိ တောင်သူများ၏ လယ်မြေဧက ၂၀၀၊ ယာမြေဧက ၅၀၀ စုစုပေါင်း စိုက်ပျိုးမြေဧက ၇၀၀ အကျိုးပြုနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကြက်မောက်ကျေးရွာ အသင်းသား (၁၇၀)ဦးဖြင့် ဖွဲ့စည်းထားသော အေးမြသာယာလယ်ယာနှင့် အထွေထွေစီးပွားသမဝါယမအသင်း လီမိတက်၏ အေးမြသာယာ ကုန်ပဒေသာအရောင်းဆိုင်သို့ လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနတွင် သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသူများမှ တစ်နိုင်တစ်ပိုင် စက်ချုပ်လုပ်ငန်းဆောင် ရွက်နေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး သမဝါယအသင်းသစ် များဖွဲ့စည်း၍ ကန်ထရိုက်လယ်ယာ စနစ်ဆောင်ရွက်သွားရန်နှင့် သင်တန်းသူများအား အထည်ချုပ်စက်ရုံများနှင့် ဆက်လက်ချိတ်ဆက် ဆောင်ရွက်ပေးသွားရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြက်မောက်ကျေးရွာ၌ ကျေးလက်စီးပွားရန်ပုံမြင့်မားရေးစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၃၀၀၊ ကျေးရွာ နေပြည်သူထည့်ဝင်ငွေကျပ်သိန်း ၁၀၀ တို့ဖြင့် ဆိတ်မွေးမြူရေး အသင်းဝင်(၂၀)ဖြင့် ဖွဲ့စည်းထား သည့် ဆိတ်မွေးမြူရေးအစုအဖွဲ့(၂)ဖွဲ့၏ ဆိတ်အကောင်ရေ ၁၅၀ မွေးမြူထားရှိမှု ကိုလည်းကောင်း၊ အသင်းဝင်(၃၀)ဖြင့် ဖွဲ့စည်းထားသည့် နွားမွေးမြူရေး အစုအဖွဲ့ (၂)ဖွဲ့၏ နွားအကောင်ရေ ၃၀ မွေးမြူထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မွေးမြူထားသည့် ဆိတ်နှင့်နွားများ တိရစ္ဆာန် ရောဂါများမဖြစ်ပွားစေရေး အမြဲမပြတ် စောင့်ကြည့်ကြရန်၊ ရောဂါများကြိုတင်ကာကွယ်နိုင်ရေး လိုအပ်သည့် ကာကွယ် ဆေးများထိုးနှံထားရန်နှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ချိတ် ဆက်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)