ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း (၁၈) ကြိမ်မြောက် အာရှသတင်းမီဒီယာထိပ်သီးအစည်းအဝေးမှ ပြန်လည်ရောက်ရှိ

နေပြည်တော် မေ ၂၈

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဒန်ပါဆာမြို့(ဘာလီ)တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၈) ကြိမ်မြောက် အာရှသတင်းမီဒီယာထိပ်သီးအစည်းအဝေး (18th Asia Media Summit)သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့မွန်းလွဲပိုင်းက လေကြောင်းခရီးဖြင့် စင်ကာပူနိုင်ငံမှတစ်ဆင့်ထွက်ခွာခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲအား ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဦးဌေးအောင်၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့မှ ဆက်လက်ထွက်ခွာခဲ့ရာ နေပြည်တော်သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်။

(၁၈) ကြိမ်မြောက် အာရှမီဒီယာထိပ်သီး အစည်းအဝေးကို မေ ၂၃ ရက်မှ ၂၅ ရက်အထိ အာရှ-ပစိဖိတ် ရုပ်သံလွှင့်အဖွဲ့အစည်း AIBD နှင့် အင်ဒိုနီးရှား ရုပ်မြင်သံကြားဌာန TVRI တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး အဆိုပြုဆွေးနွေးချက်ဖြစ်သော လူမှုကွန်ရက်မီဒီယာများတွင် သတင်းတု၊ သတင်းမှားများပျံ့နှံ့နေမှုအပေါ် ဝိုင်းဝန်းတိုက်ဖျက်ရေးအချက်အား ဒေသတွင်းနိုင်ငံများတွင်လည်း အလားတူ ကြုံတွေ့နေကြရသဖြင့် ကန့်ကွက်သူမရှိဘဲ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသဖြင့် ဘာလီကြေညာချက် (Bali Declaration) ကို အတည်ပြုထုတ်ပြန်နိုင်ခဲ့သည်။

အဆိုပါ ကြေညာချက်တွင် လူမှုကွန်ရက်မီဒီယာ အသုံးပြု၍ သတင်းတု၊ သတင်းမှားနှင့် ပုံဖျက်ထား သည့်လုပ်ကြံသတင်းများ၏ အန္တရာယ်နှင့် စိန်ခေါ်မှုများအား အာရှ - ပစိဖိတ်ရုပ်သံလွှင့်အဖွဲ့အစည်း AIBD နှင့်အတူလက်တွဲ၍ ဒေသတွင်းအဆင့်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များဖြစ်သည့် လူမှုကွန်ရက်မီဒီယာများကို တာဝန်သိစိတ်ဖြင့် အသုံးပြုလာနိုင်စေရေး အလေးအနက်ထားပူးပေါင်း ဆောင်ရွက်ရန်၊ လူမှုကွန်ရက်မီဒီယာ တည်ထောင်သူများနှင့် အကျိုးသက်ဆိုင်သူ Stakeholders များဘက်က သတင်းတု၊ သတင်းမှား၊ ပုံဖျက်သတင်းများနှင့်စပ်လျဉ်း၍ တာဝန်ယူမှုတာဝန်ခံမှုရှိစေရေး ဒေသတွင်းအဆင့် တွန်းအားပေးပူးပေါင်းဆောင်ရွက်ရန်နှင့် လူမှုကွန်ရက်မီဒီယာ တည်ထောင်သူများနှင့် အကျိူးသက်ဆိုင်သူ Stakeholders များအနေဖြင့် သတင်းလွတ်လပ်ခွင့်နှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ချိုးဖောက်ဟန့်တားရာရောက်သည့် သတင်း တစ်ဖက်သက်ဖော်ပြမှုကို သက်ဆိုင်ရာဥပဒေများနှင့်အညီ ထိန်းကျောင်းနိုင်ရေး အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားရန်အချက်များ အဓိကပါဝင်သည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဖြစ်ရပ်မှန်များအား အာရှသတင်းမီဒီယာထိပ်သီးအစည်းအဝေးသို့ တက်ရောက်သူများ လေ့လာသိရှိနိုင်ရန်အတွက် အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုစုထုတ်ဝေထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုများနှင့် သက်ဆိုင်သည့် တွေ့ရှိချက်များ စာအုပ်နှင့် နိုင်ငံအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီအထိ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ဖော်ထုတ်ဖမ်းဆီးရရှိမှုများအား  စုစည်းထုတ်ဝေထားသည့် စာအုပ်နှင့် ၎င်းစာအုပ်အကြောင်းအရာများ ပါဝင်သည့် Memory Stick တို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်