ရန်ကုန်၊ စက်တင်ဘာ ၂၀
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်း(Myanmar National Air-liens-MNA)၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ ဂုဏ်ပြုညစာစားပွဲကို ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotel Yangon၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာအမျိုးသားလေကြောင်းမှ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို LED Animation ဖြင့် စတင်ဖွင့်လှစ်ပြီး မြန်မာအမျိုးသားလေကြောင်း Chief Executive Officer က အဖွင့်အမှာ စကားပြောကြားသည်။
ဆက်လက်၍ မြန်မာအမျိုးသားလေကြောင်း Chief Operating Officer က Airline Operation နှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာအမျိုးသားလေကြောင်း Chief Commercial Officer က Agent Award ရွေးချယ်မှုနှင့် စီးပွားရေးဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မြန်မာအမျိုးသားလေကြောင်း (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အမှတ်တရ ဂုဏ်ပြုဗွီဒီယိုကို ပြသပြီး ၂၀၂၃ခုနှစ်အတွက် ရောင်းအားအကောင်းဆုံး ကိုယ်စားလှယ်များကို ဂုဏ်ပြု အမှတ်တရဆု ချီးမြှင့်၍ ၂၀၂၃ ခုနှစ်အတွက် ဌာနအလိုက် ဝန်ထမ်းထူးချွန်ဆုများ ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မြန်မာလေကြောင်းမှ တာဝန်ရှိသူ များသည် ဂုဏ်ပြုဆုတောင်းကြပြီး မြန်မာအမျိုးသားလေကြောင်း (၇၅) နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့ အမှတ်တရကိတ်မုန့်ကို အတူတကွ လှီးဖြတ်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်