ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်း တရုတ်နိုင်ငံ ကူမင်းမြို့ရှိ  အထင်ကရနေရာများသို့ သွားရောက်လေ့လာ

နေပြည်တော်   ဇွန်   ၁၈

 

ပဉ္စမအကြိမ်မြောက် လန်ချန်း-မဲခေါင် ရုပ်သံအစီအစဉ် သီတင်းပတ်  (5th Lancang – Mekong Audiovisual Week) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် လန်ချန်း-မဲခေါင် အဖွဲ့ဝင် နိုင်ငံများနှင့် တောင်အာရှနိင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံ ယူနန် ပြည်နယ် မြို့တော်ကူမင်းမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြသည်။

 

ဦးစွာ ကူမင်း နိုင်ငံတကာပန်းရောင်းဝယ်ရေး လက်ကားစျေးနှင့် ကုန်သွယ်ရေးစင်တာ  (Kunmin   International  FlORA  Auction Trading Center Co.lLtd)သို့ရောက်ရှိပြီး ပန်းများတင်သွင်းမှု၊ မှာယူမှု၊ ထုပ်ပိုး ပို့ဆောင်မှုလုပ်ငန်းစဉ်ကိုလည်းကောင်း၊ ယူနန်ဒစ်ဂျစ်တယ် ပန်းထုတ်လုပ်ရေး (Yunnan Digital Flower Industry) ပြခန်းများနှင့် ပန်းများ နမူနာခင်းကျင်းပြသထားမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုလေ့လာသည်။

 

 အဆိုပါ ပန်းရောင်းဝယ်ရေးစင်တာကို တရုတ်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့်     ပြုပြင်ပြောင်းလဲရေးကော်မရှင်၊   ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့က ၂၀၀၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းစင်တာအနေဖြင့် ပန်းများအရည်အသွေးတိုးတက်ရေး၊ ပန်းမျိုးစိတ်အသစ်များ သုတေသနပြုလုပ်ရေးနှင့် ပန်းမျိုးစိတ်များ တိုးမြှင့်ရေး၊ ပန်းစျေးကွက်ဆိုင်ရာ သတင်းအချက်အလက်ဝန်ဆောင်မှုများ ပံ့ပိုးပေးရေး၊ နည်းပညာထောက်ပံ့ရေး၊ ငွေကြေးနှင့်   ပို့ဆောင်ရေး စသည့် ဝန်ဆောင်မှုများ ထောက်ပံ့ကူညီဆောင်ရွက်လျက်ရှိရာ ယခုအခါ ကမ္ဘာတွင် ဒုတိယ အကြီးမားဆုံးနှင့် အာရှတွင်အကြီးမားဆုံး ပန်းကုန်သွယ်ရေးစင်တာဖြစ်လာပြီး နေ့စဉ် နိုင်ငံပေါင်း ၄၀ ကျော်သို့ ပန်းများ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

 

ဆက်လက်၍ ယူနန်တိုင်းရင်းဆေးထုတ်လုပ်ရေး (Yunnan Baiyao Group Co., Ltd) သို့ ရောက်ရှိကြပြီး ယူနန် မျိုးရင်းအပင်များမှ ထုတ်ယူအသုံးပြုမှုနည်းလမ်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်ရေး၊ ပြည်တွင်းလုပ်ငန်းများနှင့် ယူနန်၏ ဇီဝဆေးပညာဆိုင်ရာ တိုင်းရင်းဆေးများထုတ်လုပ်ရေး၊ ဈေးကွက်ဖြန့်ချိရေး၊ တိုင်းရင်းရိုးရာ ဆေးဝါးများဖြင့် ထုတ်လုပ်သောသွားတိုက်ဆေးနှင့် တီထွင်ဆန်းသစ်မှုပြခန်းများနှင့် တိုင်းရင်းဆေး အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။  

 

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် WANDA REALM ဟိုတယ်၌ ယူနန်နေ့စဉ်သတင်းစာ (Yunnan Daily) ဥက္ကဋ္ဌ မစ္စတာဟွန်းဂျူကွမ်း ဦးဆောင်သည့်အဖွဲ့မှ ဧည့်ခံသည့် အလုပ်သဘော ညစာစားပွဲသို့ တက်ရောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရသည့် Twin City Forum ကို ယူနန်-မြန်မာ Forum နှင့်ပူးပေါင်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်   ကူမင်းမြို့တွင် မကြာမီပြန်လည် ကျင်းပနိုင်ရန်နှင့် မြန်မာနိုင်ငံမှ မီဒီယာကဏ္ဍအပြင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေး၊   လူမှုရေး၊ ယဉ်ကျေးမှု စသည့်ကဏ္ဍစုံမှ ပြည်သူများ ပါဝင်တက်ရောက်နိုင်ရေး၊ ကြိုတင်ညှိနှိုင်းပြင်ဆင် ဆောင်ရွက်ရမည့်ကိစ္စရပ်များအတွက် မြန်မာနိုင်ငံသို့လာရောက်၍ အသးစိတ် ထပ်မံ ဆွေးနွေးရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

ထို့ပြင် ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသော မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် သည် ညပိုင်းတွင် ယူနန်မီဒီယာအုပ်စု (Yunnan Media Group) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး  MeKong Look Application တွင် မြန်မာနိုင်ငံသတင်းများအား ဓာတ်ပုံ၊ ဗီဒီယိုများနှင့်အတူ  လွှင့်တင်နိုင်ရေး၊  MRTV နှင့်  YMG တို့  မီဒီယာပူးပေါင်းဖလှယ်ရေး နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးနိုင်ရေးတို့အတွက် ဖြည့်စွက်ဆွေးနွေးခြင်းများ  ပြုလုပ်ကာ YMG မှ ထုတ်လုပ်ထားသော Applications နမူနာဖိုင်များနှင့် Video Footage များ လက်ခံရယူခဲ့သည်။

သတင်းစဉ်