ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ယွိရှီမြို့တို့မှ အထင်ကရနေရာများတွင် ဆက်လက်ကြည့်ရှုလေ့လာခဲ့ပြီး ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ

ကူမင်း ဇွန် ၂၀

(၅) ကြိမ်မြောက် လန်ချန်း-မဲခေါင် ရုပ်သံသီတင်းပတ် (5th Lancang-Mekong Audiovisual Week) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် လန်ချန်း- မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့် တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဇွန် ၁၉ ရက်တွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့နှင့် ယွိရှီမြို့တို့မှ အထင်ကရနေရာများတွင် ဆက်လက်၍ကြည့်ရှုလေ့လာခဲ့ကြပြီး ယနေ့မွန်းလွဲပိုင်းတွင် ကူမင်းမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ကြည့်ရှုလေ့လာ

ဦးစွာ လေ့လာရေးအဖွဲ့သည် ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ယူနန်ပြည်နယ်၊ ယွိရှီမြို့ရှိ မန်ကျည်းပင်ပြတိုက်သို့သွားရောက်ကြပြီး ကုန်ကြမ်းမှကုန်ချောအထိ ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် အရည်၊ အခဲ၊ သံဘူး၊ အိတ်စသည့် ခေတ်မီထုပ်ပိုးမှုပုံစံ ခုနစ်မျိုးဖြင့် စားသောက်ကုန်အမျိုးအစား ၁၀၀ ကျော် ထုတ်လုပ်ဖြန့်ချိရောင်းချနေမှု လုပ်ငန်းစဉ်တို့အား ကြည့်ရှုလေ့လာကြသည်။

အဆိုပါပြတိုက်ကို Yunnan Maoduoli Food Group Co., Ltd. က ၁၉၉၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါဝန်ထမ်း ၄၀၀ ကျော်ဖြင့် လုပ်ငန်းများ စီစဉ်ဆောင်ရွက်လျက်ရှိရာ ကုမ္ပဏီသည် ယူနန်ပြည်နယ်ရှိ သဘာဝစားသောက်ကုန်လုပ်ငန်းများ၏ ထိပ်တန်း ၂၀ စာရင်းတွင် သုံးနှစ်ဆက်တိုက်ဝင်ရောက်ခဲ့ပြီး အသိအမှတ်ပြုလက်ခံမှု ရရှိထားကြောင်း သိရသည်။

ဆက်လက်၍ ယူနန်၊ ကုန်းယွင်ရှန်း လက်ဖက်ခြောက်လုပ်ငန်း (Yunnan Gongrunxiang Tea Industry Company) သို့ သွားရောက်ကြပြီး ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုလေ့လာကြသည်။

အဆိုပါလုပ်ငန်းကို ၂၀၀၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ဖက်ပင်စိုက်ပျိုးရေး စီမံခန့်ခွဲခြင်း၊ သိပ္ပံနည်းကျ တီထွင်ဆန်းသစ်ခြင်း၊ ကုန်အမှတ်တံဆိပ်လုပ်ဆောင်ခြင်း၊ ထုတ်ကုန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထုတ်လုပ်မှုနှင့် ရောင်းချမှုများဖြင့် ပေါင်းစည်းခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် အမျိုးသားနည်းပညာ အဆင့်မြင့်လုပ်ငန်းအဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် တီထွင်ဆန်းသစ်မှုနှင့် သုတေသနဆုအဖြစ်လည်းကောင်းရရှိခဲ့ကာ လက်ဖက်ခြောက်လုပ်ငန်းတွင် ရှေ့ဆောင်အဖြစ် ထွက်ပေါ်ရပ်တည်လျက်ရှိကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ဟုန်တခရိုင်ရှိ ရိုးရာမပျက် ထိန်းသိမ်းထားသည့် တရင်လူနေရပ်ကွက်သို့ သွားရောက်ပြီး လှည့်လည်ကြည့်ရှုလေ့လာကြသည်။

အဓိကကျေးရွာဆုများ ရရှိထား

အဆိုပါနေရာသည် ဧရိယာ ၂၆ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး အိမ်ခြေစုစုပေါင်း ၅၇၄၂ တို့ ပါဝင်ကာ "ပျော်ရွှင်ဖွယ် ကျေးလက်အသိုက်အဝန်း အမျိုးသားပြယုဂ်” ဆု၊ လှပအေးဆေးသော ကျေးလက်ခရီးသွားလုပ်ငန်း၏ အဓိကကျေးရွာဆုများ ရရှိထားကာ ချီးကျူးဂုဏ်ပြုမှု/အသိအမှတ် ပြုမှုများ ရရှိထားကြောင်း သိရသည်။

ထို့နောက် Yuxi Walvax Biological Technology Co.,Ltd. သို့ ဆက်လက်သွားရောက်ကြပြီး ကာကွယ်ဆေးထုတ်လုပ်မှုလုပ်ငန်းစဉ်ကို ကြည့်ရှုလေ့လာကြရာ ယူနန် Walvax ဇီဝနည်းပညာကုမ္ပဏီ၏ ကုမ္ပဏီခွဲတစ်ခုအဖြစ် ၂၀၀၅ ခုနှစ်တွင် ယွိရှီ Walvax ဇီဝနည်းပညာကုမ္ပဏီကိုတည်ထောင်ခဲ့ပြီး ဥရောပစံနှုန်းများနှင့်အညီ တရုတ်နိုင်ငံတွင် အဆင့်အမြင့်ဆုံး ဇီဝနည်းပညာကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်နေကြောင်း၊ နှစ်စဉ် ကာကွယ်ဆေးဒါဇင်ပေါင်း ၃၉၀၀၀ ထုတ်လုပ်နိုင်မှုဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့ ဇွန် ၂၀ ရက်နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့အခြေစိုက် Yunnan M Time Culture and Communication Co.,Ltd. မှ တာဝန်ရှိသူများနှင့် လက်ခံတွေ့ဆုံ၍ M Time Myanmar Micro Video Production and Release Center နှင့် MRTV တို့ပူးပေါင်းပြီး Online Media ဖြင့် အပြန်အလှန် ပူးပေါင်းထုတ်လွှင့်ရေးနှင့် ပူးတွဲရိုက်ကူးထုတ်လုပ်ရေးဆိုင်ရာများ ဆွေးနွေးကြသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နေ့လယ်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှ လေကြောင်းခရီးဖြင့်ထွက်ခွာခဲ့ပြီး ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိကြရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ခရီးစဉ်တွင်လိုက်ပါသွားကြသော ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများလည်း ပြန်လည်လိုက်ပါလာကြသည်။

သတင်းစဉ်