ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင် နှင့် ပြည်သူ့ရေးရာဌာန ညွှန်ကြားရေးမှူးနှင့်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၂၆

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ပြည်သူ့ရေးရာဌာန ညွှန်ကြားရေးမှူး Ms. Zeng Yan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁၁ နာရီခွဲ တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ မီဒီယာချင်း ပူးပေါင်းဆောင်ရွက်ရေး နှင့် ယူနန်ပြည် နယ်မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအစိုးရချင်းသာမက ပြည်သူများအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုနှင့် နားလည်မှုရှိစေရေး၊ ရုပ်မြင်သံကြားနှင့် ပုံနှိပ်မီဒီယာများအပြင် New Media ကဏ္ဍတွင်လည်း ပိုမိုပူးပေါင်းဆောင်ရွက်ရေး နှင့် နိုင်ငံရေး၊ စီးပွားရေးကဏ္ဍများတွင်လည်း ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးကြသည်။

 

တွေဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော် ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီ အဖွဲ့ဝင်နှင့် ပြည်သူ့ရေးရာဌာန ညွှန်ကြားရေးမှူးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ကြသည်။

 

တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဧည့်သည်တော်အဖွဲ့အား နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

 

နံနက်ပိုင်းကလည်း ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ပြည်သူ့ရေးရာဌာန ညွှန်ကြားရေးမှူး နှင့်အဖွဲ့သည် နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ သွားရောက်လေ့လာကြရာ ညွှန်ကြားရေး မှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ၊MRTV-NRC Channel မှ တ်ုင်းရင်းသား/သူများက ဦးစွာ ကြိုဆိုနုတ်ဆက်ကြသည်။

 

ထို့နောက် နှစ်နိုင်ငံမီဒီယာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

 

ယင်းနောက် MRTV News Channel Studio တွင် သတင်းရိုက်ကူးထုတ်လွှင့်မှုအား လည်းကောင်း၊Auditorium ခန်းမတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ၏ “သွေးချင်းတို့ဌာနေ မြန်မာပြည်” တေးသီချင်း သရုပ်ဖော် ရိုက်ကူးမှုအားလည်းကောင်း ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်းရှိ Mini Theatre တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သမိုင်းကြောင်းနှင့် စိန်ရတုပြတိုက်အကြောင်း ရုပ်သံမှတ်တမ်းကို ကြည့်ရှုအားပေးပြီး ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံ ထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက် ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ တူရိယာပစ္စည်းများ၊ ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံးအဆောင် ပစ္စည်းများစသည့် စုစုပေါင်း ပြခန်း ၄၀ တွင် ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း ပြသသည်။

 

မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ပြည်သူ့ ရေးရာဌာန ညွှန်ကြားရေးမှူးနှင့် အဖွဲ့သည် ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)သို့ သွားရောက်၍ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက် အချောထည်များ၊ လက်ဝတ်ရတနာများ၊ ပုလဲအတွဲများကို လိုက်လံကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 

ညနေပိုင်းတွင် အဆိုပါအဖွဲ့သည် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာ သွားကြောင်း သိရှိရသည်။

သတင်းစဉ်