နေပြည်တော် ဇွန် ၁၇

 

မဲခေါင်ခရီးသွားလုပ်ငန်း ဖိုရမ် - ၂၀၂၆ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ Pan Pacific ဟိုတယ်၌ ကျင်းပရာ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. HUOT Hak၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ ခရီးသွားလုပ်ငန်း အာဏာပိုင် အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ကြသည်။

 

ဖိုရမ်ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုဖိုရမ်သည် မူဝါဒရေးရာ ဆွေးနွေးမှုများသာမက ဒေသခံ ပြည်သူလူထုကို ဗဟိုပြု၍ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ကောင်းကျိုးများ မည်သို့မျှဝေဖန်တီးနိုင်သည် ဆိုသော လက်တွေ့ကျသည့် ကွင်းဆင်းဆောင်ရွက်မှုများ၊ ဈေးကွက်ရှာဖွေရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံဉာဏ်ကောင်းများကို မျှဝေဖလှယ်နိုင်မည့် အဖိုးတန်ဆက်သွယ်မှု ကွန်ရက်တစ်ခုဖြစ်ကြောင်း၊ ထို့ပြင် မဟာမဲခေါင်ဒေသခွဲ အစားအစာပြပွဲကိုလည်း ထည့်သွင်းကျင်းပ နိုင်ခဲ့သဖြင့် အစားအသောက် ယဉ်ကျေးမှုမှတစ်ဆင့် မိမိတို့ဒေသတွင်း နိုင်ငံများမှ ပြည်သူလူထု၊ ခရီးစဉ်ဒေသများနှင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ နောက်ခံသမိုင်းကြောင်းများကို ဖော်ထုတ်ပေး နိုင်မည့်အပြင် နယ်စပ်ဖြတ်ကျော် ယဉ်ကျေးမှုဖလှယ်မှုများကိုလည်း ပိုမိုအားကောင်းလာစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးနှင့် မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးမှ အမှုဆောင် ဒါရိုက်တာတို့က အမှာစကားပြောကြားကြပြီး ဖိုရမ်ဆွေးနွေးမှုတွင် မဟာမဲခေါင်ဒေသခွဲအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် (ရန်ကုန်)မှ ကျောင်းသား ကျောင်းသူများ ပါဝင်ဆွေးနွေးကြကြောင်း သိရသည်။

သတင်းစဉ်