ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး ပြလို့ရေနံအစမ်းတွင်းနှင့် အမှတ်(၃)ဓာတ်မြေဩဇာစက်ရုံ(ကျော်စွာ) တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၉

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး သည် တာဝန်ရှိသူများနှင့်အတူ  ယနေ့တွင် မကွေးတိုင်းဒေသကြီးအတွင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တူးဖော် လျက်ရှိသော ပြလို့ရေနံအစမ်းတွင်းများနှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ အမှတ်(၃)ဓာတ်မြေဩဇာစက်ရုံ(ကျော်စွာ) တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြလို့ရေနံအစမ်းတွင်းဒေသသို့ ရောက်ရှိပြီး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင် တွင်းတူးစက်အမှတ် D3 T2 Series 2 ဖြင့် တူးဖော်နေသော တွင်းအမှတ် NW-1-1 ၏ တွင်းတူးဖော်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေး ရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ပညာရှင်များက တွင်းတူးဖော်ရသည့် ဘူမိဗေဒ နှင့် ဘူမိရူပဗေဒဆိုင်ရာ အချက်အလက်များနှင့် တွင်းတူးဖော်မှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

တင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မြေအောက်ဘူမိဗေဒ အခြေအနေများကို လေ့လာလမ်းညွှန်ပြီး တွင်းတူးဖော်မှုကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်စေရေး၊ လုပ်ငန်းခွင်ဧရိယာလုံခြုံရေးတို့ကိုမှာကြားပြီး ဝန်ထမ်းများကို အမှတ်တရသစ်သီးခြင်းနှင့် အင်အားဖြည့်အစားအစာများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တွင်းတူးစက်အမှတ် ZJ 50D Series 2 ဖြင့် တူးဖော်ပြီးစီးခဲ့သော တွင်းအမှတ် NW-3-1 ၏ စမ်းသပ်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများက စမ်းသပ်ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြား၍ ဝန်ထမ်းများကို အမှတ်တရသစ်သီးခြင်းနှင့် အင်အားဖြည့်အစားအစာများ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၃)ဓာတ်မြေဩဇာ စက်ရုံ (ကျော်စွာ)အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံရာ စက်ရုံမှူးက စက်ရုံ၏ ယခင်လည် ပတ်ထုတ်လုပ်နိုင်ခဲ့မှုအခြေအနေ၊ ရပ်ဆိုင်းခဲ့သောစက်ရုံကို ပြန်လည်လည်ပတ်နိုင်ရေးပြုပြင် ဆောင်ရွက်ခဲ့ရသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ယခုအခါ စက်ရုံမှ CO2 ထုတ်လုပ်နိုင်သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိနေမှု၊ စက်ရုံကို ပြန်လည် လည်ပတ်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အဓိကထား ဆောင်ရွက်ခဲ့မှု၊ Process အဆင့်ဆင့်ကို စနစ်တကျကူးပြောင်း ဆောင်ရွက်နေမှု၊ မကြာမီ ယူရီးယားဓာတ်မြေဩဇာ ထွက်ရှိမည်ဖြစ်ပြီး စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည့်အစီအစဉ်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးအတွက် စနစ်တကျလေ့ကျင့်သင်ကြားပေးနေမှုများကို ဖြည့်စွက် တင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် လိုအပ်သည့် ယူရီးယားဓာတ်မြေဩဇာများအား ပြည်တွင်းမှ ပိုမိုတိုးတက်ထုတ်လုပ် ရန်အတွက် အမှတ်(၃)ဓာတ်မြေဩဇာစက်ရုံ(ကျော်စွာ)ကို လည်ပတ်ရန် ဆောင်ရွက်ရခြင်းဖြစ် ကြောင်း၊ စက်ရုံလည်ပတ်ထုတ်လုပ်မှုသည် Reaction အဆင့်ဆင့် ဓာတ်ပြု ထုတ်လုပ်ရသော စက်ရုံဖြစ်သောကြောင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်းမှာကြားပြီး စက်ရုံရှိ အရာထမ်း၊ အမှုထမ်းများကို အမှတ်တရ သစ်သီးခြင်းနှင့် အင်အားဖြည့်အစား အစာများ ပေးအပ်သည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံပြန်လည်လည်ပတ်နိုင်ရေး စက်ပြု ပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်