ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး ပြည်ရေနံမြေ ရှာဖွေရေးအစမ်းတွင်း၊ တီတွတ်ပိုက်လိုင်း အခြေစိုက်စခန်းနှင့် ဓာတ်ငွေ့ဖိအားမြှင့်စက်ရုံ(တီတွတ်) သို့သွားရောက် ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဇွန် ၃၀

 

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် တာဝန်ရှိသူများနှင့်အတူ နေ့တွင် ပဲခူးတိုင်းဒေသကြီးရှိ ပြည်ခရိုင်အနောက်ဘက်ကမ်းရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တူးဖော်နေသော ရှာဖွေရေးအစမ်းတွင်း၊ တီတွတ်ပိုက်လိုင်းအခြေစိုက်စခန်းနှင့် ဓာတ်ငွေ့ ဖိအားမြှင့် စက်ရုံ(တီတွတ်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ရေနံမြေရှင်းလင်းဆောင်၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံရာ ပြည်ရေနံမြေအထွေထွေမန်နေဂျာက ရေနံထုတ်လုပ်မှု ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းသုံးပစ္စည်းများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး၊ ရေနံမြေလုံခြုံရေးနှင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး အထူးအလေးထားဆောင်ရွက်ကြရန်မှာကြားကာ ဝန်ထမ်းများကို အင်အားဖြည့်အစားအစာများ ပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ခရိုင်အနောက်ဘက်ကမ်းရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ တူးဖော်နေသော ရေနံရှာဖွေရေးအစမ်းတွင်းသို့ သွားရောက်စစ်ဆေးရာ တာဝန်ရှိသူ များက တွင်းတူးဖော်နေသည့်နေရာရှိ ဘူမိဗေဒနှင့် ဘူမိရူပဗေဒဆိုင်ရာ အချက်အလက်များနှင့် တွင်းတူးဖော်မှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆွေးနွေး ပြောကြားပြီး ရေနံအစမ်းတွင်းတူးဖော်နေမှုကို လည့်လည်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများကို အင်အားဖြည့်အစားအစာများ ပေးအပ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တီတွတ်ပိုက်လိုင်းအခြေစိုက်စခန်း သို့ ရောက်ရှိရာ စခန်းတာဝန်ရှိသူများက လိုအပ်သော သဘာဝဓာတ်ငွေ့များကို ပို့လွှတ်နိုင်ရေး ပိုက်လိုင်းပြုပြင်ခြင်း လုပ်ငန်းနှင့် သဘာဝဓာတ်ငွေ့ဖိအားမြှင့်စက်များ ပြုပြင်ခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့သည့် အခြေအနေကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သဘာဝဓာတ်ငွေ့များ စဉ်ဆက်မပြတ် ပို့လွှတ်ပေးနိုင်ရေး ပိုက်လိုင်းစစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ၊ ဖိအားမြှင့်စက်များနှင့်သတ်မှတ် ဖိအားပုံမှန်ပို့လွှတ်ပေးနိုင်ရေး စီမံချက်ချမှတ်ဆောင်ရွက်ကြစေလိုကြောင်းမှာကြားပြီး အရာထမ်း၊ အမှုထမ်းများကို အင်အားဖြည့်အစား အစာများ ပေးအပ်ကာ ဓာတ်ငွေ့ဖိအားမြှင့် စက်ရုံ(တီတွတ်) အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)