ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်‌တော်၊ ဇွန် ၂၄

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာအဘ်ဟေး တာကူးရ် (H.E. Mr. Abhay Thakur) အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွကလျက်ရှိသော လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကုန်စည်စီးဆင်းမှုပိုမိုမြန်ဆန် ချောမွေ့၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်စေရန် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အိန္ဒိယနိုင်ငံ၏ အကူအညီအထောက်အပံ့ (Grant Aid) ဖြင့် ဆောင်ရွက်သော ပလက်ဝ - ဇိုရမ်ပူလမ်းနှင့် ယာကြီး - ကလေးဝလမ်းအပိုင်းတို့ကို အဆင့်မြှင့်တင်ခြင်း၊ တမူး - ကျီကုန်း - ကလေးဝလမ်းပေါ်ရှိ တံတား (၆၉) စင်း ပြုပြင်ထိန်းသိမ်းခြင်းနှင့်စပ်လျဉ်း၍ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဝန်ကြီးဌာနမှ အကြီးအကဲများနှင့် မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်